
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ခေါင်းဆောင်က ကျရှုံးလုနီးနီး တပ်စခန်းများရှိ ဗျူဟာမှူးများနှင့် တိုက်ပွဲအတွင်း သေဆုံးသူများအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော တပ်ဖွဲ့ဝင်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ကြောင်း CDM အရာရှိများထံက သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်ဟုဆိုကာ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူပုဂ္ဂိုလ်များကို ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်များ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် (အမျိုးသားနေ့) ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘွဲ့တံဆပ်များကို ပြည်သူလူထုမှ တရားဝင် ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော် သမ္မတကသာလျှင် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် တပ်မတော်နေ့တို့တွင် ပေးအပ်လေ့ရှိသော်လည်း စစ်ခေါင်းဆောင်ကမူ အမျိုးသားနေ့၌ ကမန်းကတန်း ပေးအပ်လာကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“ကျရှုံးလုနီးနီး စခန်းတွေက ဗျူဟာမှူးတွေရယ်၊ သေပြီးသား သူတွေရယ်၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့သူတွေကို ပေးတာတွေ့ရပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ပေးအပ်သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များအနက် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူး အောင်ဆန်းဦးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုလေးဦးအနက် ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်သည် ကရင်ပြည်နယ်၊ သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားရှိ အနန်းကွင်း တပ်စခန်းထိုင် ဗျူဟာမှူးဖြစ်ပြီး ၎င်းနှင့်အတူ ပူးတွဲဗျူဟာမှူးဖြစ်သူ ယခင်ခလရ ၂၄၁ (ကွတ်ခိုင်) တပ်ရင်းမှူးဟောင်း ဗိုလ်မှူးကြီး သန့်ဇင်၀င်းကိုလည်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
“သန့်ဇင်၀င်းကတော့ ဘယ်လိုကနေဘယ်လို ဒီကိုဗျူဟာမှူးနဲ့ ရောက်လာသလဲတော့ မသိဘူးပေါ့နော်။ ရှမ်းမြောက်မှာ ဖြုတ်လာတဲ့ ကွတ်ခိုင်တပ်က တပ်ရင်းမှူးဟောင်း ဖြစ်တယ်။ မှတ်မှတ်ရရ ပြောရရင် တောင်စွန်းစခန်းမှာတုန်းက စခန်းစွန့်ခွာ ထွက်ပြေးတဲ့နေရာမှာ မသယ်နိုင်တဲ့ ခဲယမ်းရိက္ခာတွေကို မီးရှို့ ခဲ့သူပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
ထိုသို့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်များ ပေးအပ်သည့်အထဲတွင် ဖာပွန်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်၊ ခမရ ၃၄၀ (ကြာအင်းဆိပ်ကြီး) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်အောင်အပြင် လားရှိုးတွင် သေဆုံးခဲ့သည့် ပိုင်းလော့ ဗိုလ်မှူးချုပ် မျိုရွှေနှင့် ကရင်နီတွင် ပစ်ချခံလိုက်ရသော Mi-17 ပိုင်းလော့ ဒုမှူးကြီး မိုးစည်သူကြိုင်တို့လည်း ပါဝင်ကြောင်း သိရသည်
ယင်းအပြင် ပခုက္ကူအနောက်ဘက်ရွာနှင့် ဆွာမြို့နားသို့ ယခုနှစ်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ပိုင်းလော့ ဗိုလ်မှူး မင်းမင်းဦး၊ ပိုင်းလော့ ဗိုလ်မှူး နိုင်လင်းအောင်အပါအဝင် လေတပ်မှ အများအပြားကို တံဆိပ်များ ပေးအပ်ခဲ့ကြောင်း CDM အရာရှိများထံက သိရသည်။
“ဒါမြှောက်ပေးတဲ့ သဘောပါပဲ။ ဒီထဲမှတော့ လေယာဉ်ပျက်လို့ သေတဲ့သူပါသလို ဗုံးကြဲခိုင်းတဲ့အခါ ထိရောက်ပြီး လူသေဆုံးမှုများအောင် လုပ်နိုင်တဲ့သူတွေကို ဆုတံဆိပ်တွေ ပေးအပ်တာ။ အဲလိုလူတွေကို အဓိကပေးတာ တွေ့ရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ စစ်ခေါင်းဆောင် ပေးအပ်သည့် ဘွဲ့တံဆိပ်များမှာ သူရဘွဲ့ လေးဦး၊ သူရဲကောင်း မှတ်တမ်း၀င်တံဆိပ် ၂၆ ဦး၊ ရဲသူရတံဆိပ် ၇ ဦး၊ ရဲဗလတံဆိပ် ၆၁ ဦးတို့ဖြစ်ပြီး ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စသည်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
#တပ်စခန်းများ #ဗျူဟာမှူးများ #သေဆုံးသူများ #ဗုံးကြဲတိုက်ခိုက် #တပ်ဖွဲ့ဝင်များ #ဂုဏ်ထူးဆောင် #ဘွဲ့တံဆိပ်များပေးအပ် #သူရဘွဲ့ #သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
#Ayeyarwaddy_Times