ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၆ ရက်

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်တပ်ဖွဲ့တွေကို ဂျပန်နဲ့ဖိလစ်ပိုင် သို့ စေလွှတ်မယ်လို့ သိရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကြက်မှုဟာ အမေရိကန်နဲ့ဂျပန်နိုင်ငံတို့ ပြင်ဆင်နေတဲ့ အစီအစဉ်တစ် ခုအရ ဖြစ်လာမယ်လို့ ကျိုဒိုသတင်းဌာနက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော် ပြပါတယ်။

လိုအပ်ပါက အင်အားသုံးပြီး ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော်ပြောကြားထားပါတယ်။

HIMARS ဒုံးကျည်တွေကို အိုကီနာဝါနဲ့ ထိုင်ဝမ်ကြားရှိ ဂျပန်နိုင်ငံအနောက်တောင်ပိုင်း နန်ဆိုင်း ကျွန်းသို့ ဖြန့်ကြက်မယ်လို့သိရပြီး ဂျပန်တပ်ဖွဲ့တွေက ကမ်းတက်တပ်ဖွဲ့တွေကို ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်ပေးမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်-ဂျပန် အစီအစဉ်အရ အမေရိကန်ကြည်းတပ်ရဲ့ အထူးတပ်ဖွဲ့ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်မယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဘယ်လိုကမ်းတက်တပ်ဖွဲ့ကမဆို ထိုင်ဝမ်ရဲ့မြေပုံနဲ့ ပတ်ဝန်းကျင်ဧရိယာကိုကြည့်ကာ ဒုံးကျည် တွေနဲ့တိုက်ခိုက်ဖို့ နေရာရွေးချယ်မယ်လို့ အငြိမ်းစား ကမ်းတက်တပ်ဖွဲ့ဗိုလ်မှူးကြီး ဂရန့်နယူးဟမ်းက ပြောပါတယ်။

“ဂျပန်နဲ့ဖိလစ်ပိုင်မှာ ဒုံးကျည်တပ်ဖွဲ့တွေ ဖြန့်ကြက်မှသာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် ပိတ်ဆို့မှုကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Kyodo News
Ref; US troops may deploy to Japanese, Philippine islands if China invades Taiwan, report says

#Ayeyarwaddy_Times