
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ကချင်အထူးဒေသ (၁) တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များတွင် အလုပ်သမားရှားပါးနေကြောင်း သတင်းရရှိသည်။
ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ထားသော ကချင်အထူးဒေသ (၁) ရှိ နယ်မြေအချို့ကို ကချင်လွတ် မြောက်ရေးတပ်မတော် ( KIA) က အောက်တိုဘာလတွင်စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နယ်မြေအားလုံးသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွင် ရာနှင့်ချီရှိသောမြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များမှ အလုပ်သမားများက နေရပ်ပြန်သွားသဖြင့် ယခုအချိန်တွင် အလုပ်သမားရှားပါးနေကြောင်း ပန်ဝါမြို့နေထိုင်သူတစ်ဦးထံမှ သိရသည်။
“အခုအလုပ်သမားအရမ်းရှားတယ်။ တိုက်ပွဲတုန်းကမပြန်ဘဲ ကျန်နေတဲ့သူပဲရှိတယ်။ အခုက အလုပ်သမားအရမ်းခေါ်နေတယ်။ မြစ်ကြီးနားကငယ်ရွယ်တဲ့လူတွေလည်းမလာရဲဘူး။ လမ်းမှာ ဆွဲတယ်ဆိုလို့ ၊ နည်းနည်းအသက်ကြီးပိုင်းတွေလာကြတယ်” ဟု မြေရှားသတ္တုတွင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင်အလုပ်သမားရှားပါးမှုအတွက်ကြောင့် လုပ်လခစာတိုးလာကြောင်း၊ အလုပ်သမားလိုအပ်ချက်ရှိ၍ အလုပ်လုပ်ရန်လာရောက်လိုသော်လည်း လမ်းတွင်အဖမ်းအဆီးများရှိ၍ ငယ်ရွယ်သူအမျိုးသားများ လာရောက်လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ အခုအလုပ်သမားရှားတယ်။ လစာလည်းတိုးလာတယ်။ ဒါပေမဲ့လူမရှိဘူး။ အချို့ပြန်သွားတဲ့ ကျွန်မသူငယ်ချင်းတွေပါသွားတယ်။ ယောင်္ကျားလေး။ အခုသင်တန်းတက်နေရတယ် ကေအိုင်အေမှာ” ဟု မြေရှားသတ္တုတွင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆက်လက်ပြောကြားသည်။
ကချင်ပြည်၊ အထူးဒေသ ( ၁) တွင်ပါဝင်သည် ချီဖွေ၊ဆော့လော်နှင့် ပန်ဝါမြို့နယ်တို့တွင် မြေရှားသတ္တုတွင်းများရှိပြီး ကုမ္ပဏီပေါင်း နှစ်ထောင်ကျော်ရှိကာ လုပ်ကွက်တစ်ခုတွင် တရုတ်လူမျိုးမန်နေဂျာများဖြင့်လည်ပတ်၍ အလုပ်သမား ၃၀ မှ ၁၀၀ ကြားရှိကြောင်းသိရသည်။
ထို့ပြင်လုပ်ကွက်တစ်ခုချင်းစီမှ လုပ်သားများ၏ အနည်းဆုံးလေးပုံတစ်ပုံတွင် ပညာရှင်နေရာကို တရုတ်လူမျိုးများယူထားပြီး အလုပ်ကြမ်းနေရာကိုမြန်မာလုပ်သားအများစုလုပ်ကိုင်ကြရကြောင်း Global Witness အစီရင်ခံစာတွင်ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာသန်းချီတန်သော တရုတ်ရင်းနှီးမြှပ်နှံမှု တရုတ်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများသည် တရားမဝင်လုပ်ငန်းများဖြစ်ပြီး ခွင့်ပြုချက်တစ်စုံတရာမရှိပေ။
မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများအားလုံးတို့သည် စစ်ကောင်စီထံ ငွေကြေးပံ့ပိုးနေသဖြင့် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ပြောကြားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မြေရှားသတ္တုတူးဖော် #တိုက်ပွဲများကြောင့်နေရပ်ပြန်
#အလုပ်သမားရှားပါး #ပန်ဝါ #ကချင်အထူးဒေသ၁
#Ayeyarwaddy_Times