
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ရက်
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၅ တည်ရှိရာ တောင်ကုတ်မြို့အတွင်း၌ စစ်ကောင်စီတပ်များ အားလုံး ဆုတ်ခွါသွားပြီး AAက မြို့အတွင်း နေရာယူထားပြီဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့အတွင်းရှိ ကိုင်းရှည်တံတားဂိတ်၊ ဖုံညိုစစ်ဆေးရေးဂိတ်၊ မြို့နယ်စည်ပင်သာယာရုံး၊ကျောင်း၊ စိုက်ပျိုးရေးရုံးနှင့် KBZ ဘဏ်အဆောက်အဦးတို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို AA က ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်နေ့ကတည်းက မြို့အတွင်းထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခု နိုဝင်ဘာ နောက်ဆုံးအပတ်အတွင်း၌ စစ်ကောင်စီက တောင်ကုတ်မြို့အတွင်း တပ်စွဲထားသည့်နေရာများကို စွန့်လွှတ်ခဲ့ရပြီး စကခ ၅ နှင့် ခမရ ၃၄၆၊ ခမရ ၅၄၄တပ်ရင်းများထံ သွားရောက်ပူးပေါင်းနေကြောင်း သိရသည်။
“မြို့ထဲမှာ စစ်တပ်ကတစ်ယောက်တောင်မရှိတော့ဘူး။ AAတွေမြို့ကို စီးနင်းနိုင်သွားပါပြီ။ ဒေသခံတွေကိုလည်း အကုန်ဘေးလွတ်ရာပြောင်းခိုင်းထားတော့ ပိတ်မိနေသူလည်း မရှိတော့ပါဘူး။ ကျွန်မတို့လည်း စစ်ရှောင်လာတော့ အိမ်ကကျန်တဲ့သူတွေဖုန်းဆက်ရင်တော့ အဆက်အသွယ်ရနေပါသေးတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်ကုတ်မြို့ပြင်ရှိ စစ်ကောင်စီ၏ စကခ ၅၊ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
AAက စစ်ကောင်စီ၏ ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင်အမြောက်စခန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် လက်နက်ကြီးစခန်း၊ ဇီးကိုင်းတောင်တပ်စခန်းတို့ကို သိမ်းယူပြီးနောက် တောင်ကုတ်မြို့အတွင်းရှိ တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တောင်ကုတ်မြို့အတွင်းမှ ဒေသခံများမှာ တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။
ပုံစာ- ပုံဟောင်း
#တောင်ကုတ် #စစ်ကောင်စီ #ဆုတ်ခွါ #AA #ဝင်ရောက် #Ayeyarwaddy_Times