
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ရက်
အာရက္ခတပ်တော် AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ များလာသည့်အတွက် ကယ်ထုတ်ရန် စစ်ကောင်စီက မောင်တော နခခ ၅ အနီးကို လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့က မောင်တော နတ်မြစ်ဝအနီးရှိ မကျည်းချောင်း၊ ချောင်းဝ၊ နယ်မြေစခန်းတို့ကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နခခ ၅ ထဲက ဒဏ်ရာရ အရာရှိတွေများနေပုံပဲ။ လေထီးနဲ့ကြဲချတဲ့အထုတ်တွေ AAဆီရောက်တုန်းက အထုတ်ထဲ သွေးအိတ်တွေ၊ အသက်ကယ်ဆေးတွေနဲ့ အရေးပေါ်ဆေးဝါးတွေ ပါလာတယ်။ ထွက်ပေါက်ပိတ်နေတာ နတ်မြစ်ဝကနေထွက်ဖို့ကြိုးစားနေကြပုံပဲ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မောင်တော အမှတ် ၅နယ်ခြားစောင့်စခန်း နခခ၅ မြို့သူကြီးကို AAက ထောက်ပို့လမ်းကြောင်းများပိတ်ဆို့ပြီး အနီးကပ်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ လက်နက်နှင့် ရိက္ခာပေးပို့နေရသည်။
နခခ ၅အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အရာရှိများက ဖုန်းများသိမ်းဆည်းထားပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်ကာ ရိက္ခာများလည်း အပြည့်အဝမရရှိကြောင်း သိရသည်။
မောင်တောမြို့ တစ်မြို့လုံးကို AA က ထိန်းချုပ်ထားပြီး မောင်တောမြို့ပြင်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီစခန်း နခခ ၅ကို ပိတ်ဆို့တိုက်ခိုက်နေသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။
ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံနေရ၍ ပိတ်မိနေသည့် တပ်ဖွဲ့ဝင်များကို နတ်မြစ်ဝမှကမ်းထိုးရေယာဉ်များနှင့်ကယ်တင်ပေးပါရန် စစ်တပ်ထောက်ခံသူများက တယ်လီဂရမ်ချယ်နယ်များမှတဆင့် တောင်းဆိုနေကြသည်။
ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့များနှင့် အရာရှိများကို ကယ်ထုတ်ရန် စစ်ကောင်စီက လမ်းကြောင်းရှင်းသည့်အနေဖြင့် နတ်မြစ်ဝအနီး AA ထိန်းချုပ်ထားသည့် စခန်းများကို ဗုံးကြဲနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ မောင်တော နခခ ၅၊ တောင်ကုတ် စကခ ၅၊ အမ်း နပခဌာနချုပ်တို့မှာ တပြိုင်နက်တိုက်ခိုက်ခံနေရပြီး ဂွမြို့တိုက်ပွဲမှာလည်း မြို့ပေါ်ရှိ တပ်ရင်းနှစ်ခုပါ တိုက်ခိုက်ခံနေရကြောင်း သိရသည်။
#မောင်တော #နခခ၅ #စစ်ကောင်စီ #ပိတ်မိ #ကယ်ထုတ်ရန် #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times