ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ကလေးတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် လက်ပံချောင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

“အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်နဲ့ ဆရာမတစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့တယ်။ နောက်ထပ် နှစ်ယောက်ကလည်း အသက်အန္တရယ် အခြေအနေ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံချောင်းကျေးရွာတွင် တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်မှ အရပ်သားများနေထိုင်သည့် ကျေးရွာကို အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းမှစ၍ နေ့လယ်အချိန်အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“လက်နက်ကြီးက တစ်နေကုန် တောက်လျောက်ပစ်နေတယ်။ ရွာသားတွေကလည်း အနီးအနားကျေးရွာနဲ့ တောထဲကို အကုန်ထွက်ပြေးနေကြရတယ်။ အလောင်းတွေကိုလည်း ထုတ်ယူလို့ မရသေးဘဲ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် လက်ပံချောင်းကျေးရွာရှိ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

#ကလေးမြို့ #စစ်ကောင်စီတပ် #ပစ်ခတ် #လက်နက်ကြီးကျည်ကြောင့် #ကလေးတစ်ဦး #ကျောင်းဆရာမတစ်ဦး သေဆုံး #လက်ပံချောင်းကျေးရွာ
#Ayeyarwaddy_Times