ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

TNLAနှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်း ချုပ်ထားသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီမှ လေကြောင်းပစ်ကူများအပြင် ရေတပ်ပစ်ကူနှင့် မြေပြင်မှလည်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် တော်လှန်ရေးတပ်များမှ တပ်စခန်းအချို့ကို လက်လွှတ်ပေးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ မန္တလေးနှင့် မတ္တရာကြားကို စစ်ကောင်စီရေတပ်မှ သင်္ဘောနှစ်စီး၊ လေတပ်ပစ်ကူများအပြင် မြေပြင်မှအင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာသည့်အတွက် ယင်းနေရာရှိတပ်စခန်း အချို့ကို လက်လွှတ်ပေးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“လက်နက်အစုံရော၊ ဓာတုအဆိပ်ဗုံးတွေရော ပြင်းအားမြင့်ဗုံးတွေနဲ့ပါ ကြဲတာ။ ရေတပ်ကသင်္ဘောတွေ ကလည်း ဧရာဝတီမြစ်ကမ်းဘေးက သုံးဆယ်ပေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ပြီး စီးနင်းခဲ့တာ တပ်စခန်းတွေ ဆုတ်ပေးလိုက်ရတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးမြို့ပေါ်မှ လာသည့် အင်အား ၇၀ ပါ စစ်ကောင်စီတပ်သည် သုံးဆယ်ပေးကျေးရွာ၊ သဖန်းဒေါက်နှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းဝင်ရောက်ကာ စစ်ကြောင်းထိုးနေပြီး တပြိုင်တည်းတွင်မူ မတ္တရာမြို့ပေါ်မှလာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကလည်း မတ္တရာအနောက်ခြမ်းကို စီးနင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်းမြို့နယ်များကို ပြန်လည်သိမ်းပိုက်ရန်အတွက် အသည်းအသန်ထိုးစစ်ဆင်နေပြီး မြို့များပြန်လည်ရရှိရေးအတွက် မတ္တရာမြို့မှစတင် ထိုးဖောက်၍ဝင်ရောက်မှသာ ရမည်ဖြစ်၍ မတ္တရာကိုထိုးစစ်‌ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

“ဆုတ်ခွာပေးတယ်ဆိုတာကလည်း ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီးတော့ အခြေအနေတခုကြောင့် ဆုတ်ခွာပေးလိုက်တာပါ။ မတ္တရာအနောက်ခြမ်းတခုလုံးကို စကစဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတာ မဟုတ်ပါဘူး။ စစ်ရှောင်ပြည်သူတွေလည်း ရှိတော့ အခြေအနေတခုကြောင့်ပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီမှ မတ္တရာအနောက်ခြမ်းရှိ သမင်ခြံ၊ ဆောက်ခြုံပေါက်၊ ဟင်္သာကုန်း၊ သူဌေးကုန်း၊ ထန်းပင်ခြောက်၊ မရိုးကုန်း၊ ရွှေဘိုကြီးစသည့် ကျေးရွာ ၂၀ ကျော်ကို မီးရှို့နေခြင်းကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက် နေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ စစ်ရေး အခြေအနေအရ ယာယီကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် MDY -PDF ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကား အသုံးပြုခြင်းများကို တင်းတင်းကျပ်ကျပ်တားမြစ်မည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ပုံစာ – စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် MDY-PDF တပ်ဖွဲ့ဝင်များ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တပ်စခန်း #ဆုတ်ခွာပေးခဲ့ရ #Ayeyarwaddy_Times