
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၂၆ ရက်
ကရင်ပြည်နယ်၊ ဖားပွန်မြို့နယ်အတွင်းရှိ မထော စစ်ကောင်စီစခန်း မှ စခန်းစွန့်ခွာထွက်ပြေးသွားသည့် တပ်သားများကို လမ်းတွင် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ကရင်မျိုးသားအစည်းအရုံး၊ တပ်မဟာ-၅ က ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မထောစခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ ထွက်ပြေးသွားသည့် တပ်ဖွဲ့များကို လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတပ်ဖွဲ့များမှာ တောင်သုံးလုံးစခန်း နှင့် ခွေးသေစခန်းများဘက်သို့ ဆုတ်ခွာထွက်ပြေးကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အခုလက်ရှိမထောစခန်းကနေ ထွက်ပြေးသွားတဲ့စကစတပ်ဖွဲ့တွေဟာ သူတို့အဖေါ်ရှိတဲ့တောင်သုံးလုံးစခန်းသို့ ပြန်လည်ဝင်ရောက် ပူးပေါင်းလိုက်ပါတယ်။ ဖာပွန်မှာလက်ရှိလှုပ်ရှားနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကတော့ စကစတပ်စခန်းတစ်ခုပြီးတစ်ခု သိမ်းထားသည့်အတိုင်း ရှေ့ဆက်အင်အားရှိရင်ရှိသလိုနဲ့ အခွင့်အရေးရှိရင်ရှိသလို ကျန်နေသေးတဲ့ စကစတပ်စခန်းတွေကို ဆက်လက်သိမ်းပိုက်ဖို့လုပ်ဆောင်ဦးမှာပါ” ဟု တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ RPG-7 တစ်လက် နှင့် ကျည်ဖူး ၃၈ လုံး၊ ၈၁-မမ တစ်လက်နှင့် ကျည်သီး ခြောက်လုံး၊ MA-1 ကိုး လက်၊ MA-2 လေးလက်၊ MA-3 လေး လက်၊ MA-4 နှစ်လက်၊ ငါးကြင်းမြီးစက်လက် တစ်လက်၊ မြေမြှုပ်မိုင်းများ၊ ၆၀မမကျည်များ၊ ကျည်တောင့်များ နှင့် ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ ကြောင်းလည်း သိရသည်။
“စစ်ကောင်စီ(စကစ)တပ်အနေနဲ့ သူတို့စခန်းတခုပြီးတခုအသိမ်းခံလိုက်ရတော့ မကျေနပ်ပါဘူး။ ဒါကြောင့် လေကြောင်းကနေနေ့တိုင်းလိုလို စစ်တိုက်လေယာဉ်နဲ့လာပစ်တယ်။ ခြေလျင်နဲ့လည်းတပ်အင်အားထုတ်နှုတ်ပြီး စစ်ကူတက်လာတယ်။ ဒါပေမဲ့ အခုထိတော့ သူတို့ထိုးဖောက်ဝင်ရောက်လို့မရသေးဘူး” ဟု ဗိုလ်မှူးကြီး စောကလယ်ဒို့ က ဆက်လက် ပြောကြားသည်။
အဆိုပါ မထောစစ်စခန်းမှာ နှစ်ပေါင်း ၇၀ ကျော်ကြာသက်တမ်းရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး တနင်္သာရီအခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ-၄၀၄၊ ၄၀၇၊ ၄၀၈ တပ်ရင်းများမှ တပ်ဖွဲ့များအထိုင်ချထားသည့် စခန်းတစ်ခုဖြစ်ကာ စခန်းသိမ်းနိုင်ရန် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက တစ်ပါတ်ဝန်းကျင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်းလည်း သိရသည်။
ဓာတ်ပုံ – KNU-Mutraw News
#ဖာပွန် #မထောစခန်း #စစ်ကောင်စီ #ဆုတ်ခွာထွက်ပြေး #ကြားဖြတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times