
ဧရာဝတီတိုင်မ်း
နိုဝင်ဘာ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် ၇ ရပ်ကွက်အတွင်းရှိ မီးရထားလမ်းဘေးရှိ နေအိမ်များကိုငါးလအတွင်းဖျက်သိမ်းပြီး ပြောင်းရွှေ့ကြရန် မြန်မာ့မီးရထားတိုင်းတာ၀န်ခံမှ နို၀င်ဘာ ၂၀ ရက်နေ့က ခေါ်ယူသတိပေးလိုက်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အတွင်းရှိ မီးရထားပိုင်မြေတွင် နေထိုင်သူများကို အစည်းအဝေးခေါ်ယူပြီး ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အပြီးသတ်ဖယ်ရှားပေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။
” မဖျက်ရင် အင်အားသုံးဖယ်ရှားမယ်လို့ပြောတယ်။ ရထားလမ်းတွေကလည်း အသုံးမပြုတော့တာကြာပါပြီ ။ မြေငှားခလည်း ပေးနေရတာပဲ ခုလိုခေတ်ကြီးထဲမှ တစ်ခြားနေရာကို ပြောင်းရွှေ့ဖို့ဆိုတာ အခက်အခဲတွေရှိတယ်”ဟု အဆိုပါမြေတွင်နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ မီးရထားဌာနပိုင်ဆိုင်သည်ဟု သတ်မှတ်ထားသောအမှတ် ၇ ရပ်ကွက်တွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လွန်ခဲ့သော ၁၅နှစ်ခန့်ကပင်နေထိုင်နေကြသူများဖြစ်ပြီး စား၀တ်နေရေး အခြေကျဖြစ်နေရာမှ နေရာသစ်သို့ပြောင်းရွှေ့ရပါက အခက်အခဲများစွာရှိနိုင်ကြောင်း နေထိုင်သူများကပြောသည်။
အဆိုပါရပ်ကွက်အတွင်းရှိ မီးရထားလမ်းများကို အသုံးမပြုတော့သည်မှာ ၁၅ နှစ်၀န်းကျင်ခန့်ရှိသောကြောင့် အဆိုပါနေရာများတွင် မီးရထားဌာနကို လစဥ်ကြေးပေး၍ နေထိုင်သူများအပါအ၀င် တစ်ချို့မှာ ရထားလမ်းဘေးတွင် ခွင့်ပြုချက်မရှိ နေအိမ်ဆောက်လုပ်နေထိုင်သူများရှိလာခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ရထားမြေဟုဆိုကာ ပြန်လည်ရယူရာတွင် ၂၀၂၃ ခုနှစ်ကလည်း အမှတ်၆ရပ်ကွက်ရှိ နေအိမ်နှင့်ဆိုင်အချို့ ဖျက်သိမ်းပေးခဲ့ရသည်။
#ပုသိမ်မြို့ #အမှတ်၇ရပ်ကွက် #မီးရထားပိုင်မြေ #အိမ်ခြေ ၃၀၀ခန့် #၅လအတွင်းပြောင်းရွှေ့ခိုင်း #Ayeyarwaddy_Times