ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသည်။

လာမည့် နိုဝင်ဘာ၂၈ ရက်မှ ၃၀ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)အပါအဝင် ကရင်နီပြည် (ကယား)၊ ကရင်ပြည်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်းထုတ်ပြန်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမှန်မုန်တိုင်းဖြစ်လေ့ဖြစ်ထမရှိသည့် လတ္တီကျူ ၅ ဒီကရီအောက် အီကွေတာအနီးတွင် ယခုနောက်ပိုင်းမုန်တိုင်းဖြစ်လာသည်ကိုတွေ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်တစ်ဦးက ပြောကြားထားသည်။ လက်ရှိတွင် စိုက်‌ပျိုးသီးနှံအချို့ ရိတ်သိမ်းချိန်ကျရောက်နေသဖြင့် မိုးရွာသွန်းမှုသတိပြုရန်လိုအပ်ကြောင်းသိရသည်။

အဆိုပါမုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ပိုမို အားကောင်းလာနိုင်ကာ လာမည့်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ- သီရိလင်္ကာနိုင်ငံ ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ထို့ပြင်မုန်တိုင်းငယ်အကြွင်းအကျန်တိမ်တိုက်များကြောင့် နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၄ ရက်အထိ အချိန်မဟုတ်မိုးရွာသွန်းနိုင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးကြီးမှုကြောင့် နောက်ဆက်တွဲ ရေကြီးရေလျှံ၊ မြေပြိုဘေး တကျော့ပြန်ဖြစ်လာနိုင်သည်ကို သတိပြုနေထိုင်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – မိုး/ဇလ
#ဘင်္ဂလားပင်လယ်အော်မုန်းတိုင်းငယ် #မြန်မာနိုင်ငံ #အဝါရောင်အဆင့် #အမျိုးသားညီညွတ်ရေးအစိုးရ #လူသားချင်းစာနာထောက်ထားရေး #ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန #Ayeyarwaddy_Times