ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ရက်

အမ်းရှိ စစ်ကောင်စီ၏ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီး စစ်လက်နက်ပစ္စည်းအများအပြားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ကို သိမ်းဆည်း ရမိကြောင်း သိရသည်။

ဒရုန်းတပ်ဖွဲ့ဝင်များ၊ ဒရုန်းနှင့် ဂျမ်မာများရှိနေသည့် စစ်ကောင်စီ၏ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကို AAက ယနေ့ နိုဝင်ဘာ ၂၅ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်လက်နက်ပစ္စည်းနဲ့ ဒရုန်းတွေပါ သိမ်းဆည်းရမိတယ် ကြားပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်နေ့က စစ်ကောင်စီ၏ အမ်းမြို့မရဲစခန်းကို AAသိမ်းပိုက်စဉ် စခန်းအတွင်းရှိတပ်ဖွဲ့ဝင်များမှာ ထွက်ပြေးပြီး စအရ ၉၁၉ နှင့် ဆလအခွဲ ၁၊ ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များတွင် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

မြေင်ပြင်ထောက်ပို့လမ်းကြောင်းများဖြတ်တောက်ခံရပြီး နပခနှင့်တပ်ရင်းအားလုံး ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီက အင်အားထောင်ချီရှိသော စစ်ကြောင်းကို အမ်း- ပဒါန်းလမ်းပိုင်းမှ စစ်ကူပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းကို အရှိုချင်းတပ်ဖွဲ့ ၊မင်းဘူးခရိုင်တပ်ရင်း၊ PRA Magway နှင့် AAတို့ကကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ အထိနာပြီး တပ်ဖွဲ့ဝင်အချို့မှာ အမ်းရိုးမအတွင်းပြေးနေကြပြီး ကျန်စစ်ကြောင်းမှာ အမ်းသို့ ဆက်လက်ချီတက်နေကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၅ရက်နေ့က အမ်း-ပဒါန်း-မင်းဘူးလမ်းပေါ်ရှိ ငဖဲမြို့နယ်အတွင်းမှ ဘုံးဘော၊ ဂုတ်ကြီးနှင့် သဘောက် ချင်းကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#အမ်း #စစ်မြေပြင်အင်ဂျင်နီယာတပ် #စအရ ၉၁၉ #AA #သိမ်းပိုက် #Ayeyarwaddy_Times