
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံက သိရှိရသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် ဆမီးမြို့ပေါ်တွင်နေထိုင်ကာ အသက် ၃၅ နှစ်အရွယ် ရှိ ကလေး သုံးဦး၏ မိခင်ဖြစ်ပြီး ၎င်း၏ခင်ပွန်းကွယ်လွန်ထားသည့်အတွက် ကျန်းမာရေးမကောင်းသည့် မိခင်နှင့်အတူ နေထိုင်သူလည်းဖြစ်သည်။
အဆိုပါ အမျိုးသမီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ မနက် ၇နာရီဝန်းကျင်က ဟင်းထွက်ရှာစဥ် နေအိမ်သို့ ပြန်ရောက်ရှိလာခြင်းမရှိသည့်အတွက် ဒေသခံများက ရှာဖွေခဲ့ရာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မြက်ပင်များဖြင့် ဖုံးထား၍ သတိလစ်လျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ရွာသားတွေက ပြန်ရောက်မလာလို့ ချက်ချင်းရှာဖွေ သေးတယ်။ အဲ့ဒီညမှာ ပြန်မတွေ့ပဲ နောက်နေ့မနက်မှာ စောချောင်းဝအနား မြက်ပင်နဲ့ဖုံးထားပြီး မျက်နှာတစ်ခုလုံး ကုပ်ခြစ်ဒဏ်ရာနဲ့ အဝတ်ဗလာ သတိလစ်နေလျက် ပြန်တွေ့တာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမျိုးသမီးကို ဆမီးမြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆရာဝန်၏ ဆေးစစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း လက်ရှိအချိန်တွင် သတိပြန်လည်ရရှိသော်လည်း စကားမပြောနိုင်သေးကြောင်း သိရှိရသည်။
မုဒိမ်းမှုကျူးလွန်သူ တရားခံကို ယနေ့အချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖမ်းဆီးပြီး အရေးယူပေးစေလိုကြောင်း ကျူးလွန်ခံရသူ၏ ဆွေမျိုးများက တောင်းဆိုထားသည်။
#AAထိန်းချုပ်ထားသည့် #ဆမီးမြို့ #ချင်းအမျိုးသမီးတစ်ဦး #အဓမ္မပြုကျင့်ခံရ #Ayeyarwaddy_Times