ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ညီနောင်မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့သိမ်းဆည်းထား မြို့ရွာများကို လေကြောင်းမှနေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြောဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ယုံကြည်မှုအပေါ် အခြေခံတဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေမယ်ဆိုရင် လွတ်လပ်သော်လည်း မငြိမ်းချမ်းတဲ့အခြေအနေကိုသာပေါ်ပေါက်စေမှာဖြစ်ပါတယ်”ဟု စစ်ခေါင်းဆောင်က ဆိုသည်။

၎င်းက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတဝန်းအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသားများအချင်းချင်း အပြန် အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်က သဝဏ်လွှာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့သော်လည်း လားရှိုးရှိ နမ့်ပေါင်ကို ယမန်နေ့က ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။

ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေး နွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့်လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပြီး တွေ့ဆုံဆွေး နွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဟု ဆို သည်။

#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #အမျိုးသားအောင်ပွဲနေ့ #သဝဏ်လွှာ #နိုင်ငံရေးပြဿနာ
#နိုင်ငံရေးနည်းလမ်း #Ayeyarwaddy_Times