
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ဒေသခံပြည်သူများ၏ အကျိုးကိုငဲ့ညှာထောက်ထားပြီး ကြားဝင်ကြိုးပမ်းပေးနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ နှစ်ဖက်စစ်ရေးပြဿနာကို အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေကြောင်း နိုဝင်ဘာ ၂၅ ရက် ( ယနေ့)တွင် TNLA က ထုတ်ပြန်ပြောဆိုလိုက်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်တခုလုံးနီးပါးလက်လွှတ်ခဲ့သည်။
ယင်းသို့လက်လွှတ်ခဲ့ရပြီး မြောက်ပိုင်းတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများကို ယနေ့ထိတိုင် နေ့စဉ်ရက် ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခဲ့သည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံကို အကူအညီတောင်းခံခဲ့ပြီး မကြာသေးခင်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ပြန်လာခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် ယခင်ကလည်း တွေ့ဆုံဆွေးနွေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မကြာခဏဆိုသလို ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သော်လည်း သဘောတူညီချက်များမရပဲ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများသာ ဖြစ်ပွါးခဲ့သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ယနေ့ ကျရောက်သည့် အမျိုးသားအောင်ပွဲအထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်က တိုင်းရင်းသားများအချင်းချင်း အပြန် အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ပြောဆိုခဲ့သည်။
ယင်းကဲ့သို့ ပြောဆိုပြီး အချိန်ပိုင်းအတွင်း TNLA မှ စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံ ရေးအခြေအနေတည်ဆောက်နိုင်ရန် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုတို့ကို PSLF/TNLAအနေဖြင့် အမြဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။
အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်များကို ပြင်းပြင်းထန်ထန် ဖိအားပေးနေပြီး မကြာသေးခင်က ကိုးကန့်အကြီးအကဲကို ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အပြင် စားသောက်ကုန်၊ ဆေးဝါးနှင့် စက်ံသုံးဆီများကိုလည်း တင်သွင်းမရစေရေး ပိတ်ဆို့ထားကြောင်း နယ်စပ်ဒေသတွင် နေထိုင်သူများထံက သိရသည်။
#TNLA #စစ်ကောင်စီတပ် #စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #တွေ့ဆုံဆွေးနွေးရန် #တရုတ်နိုင်ငံ #Ayeyarwaddy_Times