ဗစ်တာ/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၇ ရက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့က အုပ်ချုပ်ရေးမှူးတစ်ဦးမှာ မနေ့က နေ့လည်ပိုင်းက ပစ်ခတ်ခံရလို့ ကုတင်(၁၀၀) စစ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ မနေ့က နေ့လည်ပိုင်းက ဝက်ထီးကန်မြို့မှ ပြည်မြို့ရှိ ဘဏ်သို့သွားရောက်စဥ် လမ်းမှာ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

” နေ့လည် ၁ နာရီလောက်က ဖြစ်သွားတယ်။ အဲ့လူက ဝက်ထီးကန်ကနေ ပြည်ကိုသွားပြီး ဘဏ်ငွေသွားထုတ်တာ အဲ့အချိန်မှာ ပစ်ခံရတာ ဆိုင်ကယ်မောင်းနေတော့ ရှပ်ထိသွားပြီး ဒဏ်ရာရသွားတယ်လို့ သိရတယ်။ သေတယ်လို့တော့ သတင်းမကြားသေးဘူး ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်လို့ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။