နိုင်း/ဧရာဝတီတိုင်မ်း
(ရေး)၊ ဩဂုတ်လ ၁၈ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဩဂုတ်လ ၁၇ ရက်မှစတင်ပြီး မီတာခ တစ်ယူနစ်လျှင် ၁၅၅၀ ကျပ်နှုန်းဖြင့် ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု မီးလင်းရေးကော်မတီက ကြေငြာထားကြောင်း ဒေသခံများထံမှ သိရသည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မီတာခမှာ တစ်ယူနစ်လျှင် ၁၅၅၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသည့်အပြင် နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ နှင့် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း ကြေငြာချက်အရ သိရသည်။
” ၁၅၅၀ထိတိုးကောက်ပီး အချိန်နဲ့ဖြတ်တာ၊ ညဘက်တော့ကိစ္စမရှိပေမဲ့ နေ့ဘက်လည်းဖြတ်တော့အလုပ်တွေခက်ခဲကြတာပေါ့၊ မိုးကလည်းကြီး ရေကလဲတက်၊ မီတာခကလည်းတက်တော့စိတ်ညစ်ကြရတယ်” ဟု ရေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်မ်းသို့ပြောသည်။
ယခင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်တွင် ရေးမြို့နယ်၌ မီတာခတစ်ယူနစ်လျှင် ၄၀၀ ကျပ်ဝန်းကျင်သာ ပေးဆောင်ခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက် စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုကြောင့် မီတာခနှုန်းထားမှာလည်း ယခင်ထက် ၃ ဆ ကျော်မြင့်တက်လာသည်ဟု ဒေသခံအချို့က ဆိုသည်။
” အာဏာမသိမ်းခင်က တစ်ယူနစ် ၄၀၀ကနေ စစ်တပ်က အာဏာသိမ်းလိုက်ရော ၉၀၀ ၊ ၁၂၀၀။ ပြီးခဲ့တဲ့ ၆လပိုင်းမှာ ၁၄၀၀ ကျော် ။ အဲ့ကနေ ဒီလဆို ၁၅၅၀ အထိဖြစ်သွားတော့တာပဲ” ဟု ရေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မွန်ပြည်နယ်ံ၊ ရေးမြို့နယ်မှာ အစိုးရမီးမရရှိသည့် တစ်ခုတည်းသော မြို့နယ်ဖြစ်ပြီး မြတ်သူရကုမ္ပဏီက လျှပ်စစ်ဝန်ကြီးဌာနထံမှ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးဖြန့်ဝေခွင့်အား လက်လွှဲရယူထားသည်မှာ ၁၀ နှစ်ကျော်ရှိပြီးဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။
အလားတူ တနင်္သာရီတိုင်းရှိ မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်များတွင်လည်း ပုဂ္ဂလိကပိုင်လျှပ်စစ်မီးသာရရှိပြီး မြိတ်မြို့နယ်တွင် တစ်ယူနစ်လျှင် ၉၇၀ ကျပ်၊ ကော့သောင်းမြို့နယ်တွင် တစ်ယူနစ် ၁၄၄၀ ကျပ်အထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – ပေးပို့