မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၁၈ ရက်

ဧရာဝတီတိုင်းက မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်သားတွေက ဩဂုတ်လဆန်းပိုင်းက တပ်ကထွက်ပြေး ခဲ့သူတွေကို အပူတပြင်းလိုက်ရှာနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ မှတ်ပုံတင်စစ်ဆေးတာတွေပြုလုပ်နေပြီး မှတ်ပုံတင်ထဲမှာ “ဇော်”နဲ့စတဲ့နာမည်တွေကို အဓိကထားရှာဖွေနေတာလို့ ပုသိမ်မြို့ခံပြည်သူတွေက ပြောပါတယ်။

“ အဓိက မှတ်ပုံတင်စစ်တဲ့အချိန်မှာ သူတို့က ရှေ့ဆုံးအလုံးကိုစစ်တယ် ဇော် မပါရင် ဆက်မကြည့်တော့ဘူး အဓိကတပ်ပြေးတွေကို လိုက်ရှာနေတာမျိုး သူတို့အချင်းချင်းတီးတိုးပြောတာတော့ ကြားရတယ် နာမည် မကွဲဘူး”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိတဲ့ ပုသိမ်မြို့လေတပ်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လေတပ်အရာရှိ တဦးနဲ့ အခြားအဆင့်တပ်ဖွဲ့ဝင် ၃ ဦးထွက်ပြေးသွားတာကြောင့် ခုလိုမျိုး တိုင်းအတွင်းက မြို့နယ်တွေမှာ တပ်လှန့်ပြီး ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ကနေ ထွက်ပြေးတဲ့ တပ်ပြေးအရေအတွက်များလာတာကြောင့် အရေးကြီး တဲ့သူတွေကို ခုလိုမျိုး လိုက်ရှာနေတာဖြစ်နိုင်ပြီး ပြေးတဲ့အထဲမှာ ဇော်မင်းထွန်း နာမည်နဲ့သူပါသွားတာ ဖြစ်နိုင် တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

“ စစ်တော့ စစ်နေတာပဲ မှတ်ပုံတင်စစ်ရင် ဇော်နဲ့စတာ စစ်တာတော့ ဟုတ်တယ် သူတို့အချင်းချင်းပြောတာ တော့ အဲ့လိုမျိုးသဘောပဲ နာမည်တူထွက်သွားတော့ မီဒီယာတွေမှာပါမလာစေချင်လို့ ခုလို မိအောင် လိုက်စစ် တာဖြစ်နိုင်တယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကသုံးသပ်ပြောဆိုပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်ကထွက်ပြေးတဲ့သူတွေရှိပေမယ့် ခုလိုမျိုး ပိတ်ဆို့စစ်ဆေးတာတွေ အားစိုက် လုပ်ရတာတွေမရှိဘဲ ခုအကြိမ်မှ အသည်းသန်လိုက်ရှာနေရတာကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ နာမည်တူပါသွားတာများဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကနေ ဩဂုတ်လဆန်းပိုင်းမှာတင် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီ တပ်သား ၅ ဦးကျော်ရှိတယ်လို့ တပ်တွင်းသတင်းရစ်မြစ်တွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။