ညီညီမင်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ သြဂုတ်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဆန်ဆိုင်တွေမှာ ဧရာဝတီပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ အထိပေးဝယ်နေရတယ်လို့ ပုသိမ်မြို့ခံအချို့ထံမှ သိရပါတယ်။
ပုသိမ်မြို့ပေါ်က ဆန်ဆိုင်အများစုမှာ ကျပ် ၆၅၀၀၀ ဝန်းကျင်ရောင်းချနေပေမယ့် ဆန်ဆိုင်အချို့ကတော့ ကျပ် ၇၀၀၀၀ နီးပါးအထိပေးဝယ်နေတယ်လို့ သိရပါတယ်။

“ဈေးနူန်းတက်တာကတော့အကုန်လုံးပဲ အဓိကလူတွေမ၀ယ်မဖြစ်ကတော့ဆန်ပေါ့။ ပေါ်ဆန်းရော ရွှေသွယ်ရော သြဂုတ် ၁၀ ရက်နေ့က အရင်ဈေးထက် တစ်သောင်းခုန်တက်တယ် ဆန်အကြမ်းဆုံးဈေးနဲ့ဆန်ကွဲဈေးက အတူတူလောက်တွေထဖြစ်နေတယ်။ လက်ရှိပုသိမ်မြို့က ဆန်ဆိုင်တွေမှာ ပေါ်ဆန်းတစ်အိတ်ကို ၆၅၀၀၀၊ ရွှေသွယ်တစ်အိတ်ကို ၅၅၀၀၀ ၊ ဆန်ကြမ်းတစ်ပြည်ကို ၂၅၀၀။ ဆန်ဈေးဟာ တစ်နေ့ထက်တစ်နေ့ထပ်တက်လာဖို့ရှိတယ်”လို့ ပုသိမ်မြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာရောင်းချနေတဲ့ဆန်စျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိတက်လာနေပြီး ဈေးထက်တက်ဖို့ရှိနေတယ်လို့ ပုသိမ်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

” အရင်က ပေါ်ဆန်းနဲ့ ရွှေသွယ်နဲ့ရောပြီးချက်စားနေကြ။ အရင်က ၃သောင်းခွဲ၊ ၁ သောင်းခွဲ ဆန်ဖိုးနဲ့ ၅သောင်းကျော်လောက်ကုန်တယ်။ ခုစျေးတွေတက်နေတော့ စားဖို့ ဆန်စျေးတင် ၁သိန်းကျော်နေပြီ။ တနေ့လုပ်တနေ့စားသမားတွေဆိုရင် ဆန်စျေးတက်တော့ ဆန်ကြမ်း၊ဆန်ကွဲစားနေရတဲ့သူတွေတောင်ရှိတယ်” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခုလိုဆန်ဈေးအပြင် အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေမှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေးကြပ်တည်းလျှက်ရှိနေ​တယ်လို့ပုသိမ်၊ ဟင်္သာတ၊ မအူပင် မြို့ခံများကပြောပါတယ်။

“အလုပ်က တစ်လလုံးမှ တစ်သိန်းခွဲလောက်ကျန်တာ အရင်ကပေါ်ဆန်းစားနိုင်သေးတယ် ခုပေါ်ဆန်းမပြောနဲ့ဆန်ကြမ်းတစ်ပြည်ကို ၂၅၀၀နီးပါးဖြစ်နေပြီးမငတ်ဖို့ပဲ စားနေရသလိုဖြစ်နေပြီ။လက်လုပ်လက်စားတွေ အငတ်ဘေးဆိုက်မဲ့ပုံဖြစ်နေတယ်”လို့ မအူပင်မြို့က ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီစျေး ၂ ဆ ကျော်မြင့်တက်လာမှု၊ စိုက်ပျိုးရေးသွင်းအားစုများ ၃ ဆကျော် စျေးတက်နေမှုတို့ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းမှု လက်ရှိပေါက်စျေးထက် ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်