ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၄ ရက်

သမ္မတ ရှီကျင့်ဖျင်ဦးဆောင်သော တရုတ်အစိုးရသည် ယခုနှစ်သြဂုတ်လမှစတင်ကာ မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် လူသိရှင်ကြား အားပေးထာက်ခံသောလုပ်ရပ်များ ဆောင်ရွက်ကာ ၄င်းတို့ စစ်ကောင်စီကို ရွေးချယ်လိုက်ကြောင်း မြန်မာလူထုကို သက်သေပြခဲ့သည်။

မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်သည် လူထုရွေးကောက်သောအစိုးရကို လက်နက်အားကိုး ဖမ်းဆီးထောင်ချသည်။ လူထုဆန္ဒဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးသည်။

အကြမ်းမဖက် ဒီမိုကရေစီတောင်းဆိုသူများကို ဖမ်းဆီးညှဥ်းဆဲ သတ်ဖြတ်သည်။ မြန်မာပြည်တစ်၀န်း အရပ်သား ပြည်သူများကို ဖမ်းဆီး၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို့၊ လုယက်ဖျက်ဆီး၊ ဗုံးကြဲတိုက်ခိုက် စသည့် မြောက်များစွာသော အကြမ်းဖက်မှု၊ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။

ကျင့်၀တ်ပျက်ပြားနေသည့် သူခိုးဓားပြ လူဆိုးဂိုဏ်းဖြစ်နေသော မြန်မာစစ်တပ်သည် မစင်ကဲ့သို့ ရွှံရှာဖွယ်ရာအတိ ဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက မစင်ပုံနှင့်တူသော မြန်မာစစ်ကောင်စီကို ဝေးဝေးရှောင်ကြသည်။ ယခု ဘေကျင်းရှိ တရုတ်အစိုးရက စစ်ကောင်စီဘက် ပေါ်ပေါ်ထင်ထင် အားပေးထောက်ခံနေခြင်းသည် မစင်ပုံကို လက်နှင့်အားရပါးရ ဆုပ်နယ်သကဲ့သို့ဖြစ်နေသည်။

မြန်မာလူထုသည် စစ်အာဏာရှင်တို့၏ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အပေါ် ဗိုလ်ကျအုပ်ချုပ်၊ ဂုတ်သွေးစုပ် ဖျက်ဆီးနေသည့်လုပ်ရပ်ကို မခံနိုင်သည့်အဆုံး ခေတ်သစ်မြန်မာ့သမိုင်းတလျှောက် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးသော ခုခံစစ်ကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် လူထုကို ကြောက်ရွံ့နောက်တွန့်စေရန် လူကိုအရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခြင်းအပါအ၀င် ထိတ်လန့်ခြောက်ခြားဖွယ်ရာ နည်းပေါင်းစုံသုံးခဲ့သော်လည်း ခုခံတော်လှန်မှုများက ရပ်တန့်ခြင်းမရှိ၊ ရှေ့ဆက်တိုးမြဲ တိုးနေဆဲ ဖြစ်သည်။

မြန်မာလူထုသည် မည်မျှခက်ခဲကြမ်းတမ်းသည်ဖြစ်စေ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးပန်းတိုင်ကို ရောက်အောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်သည်။ ထို့ကြောင့် လူထုထောက်ခံသော တော်လှန် ရေးအင်အားစုများက ဆက်တိုက်အောင်ပွဲရနေပြီး လူထုရွံရှာ မုန်းတီးနေသော မြန်မာစစ်တပ်က ဆက်တိုက်ရှုံးနိမ့်နေခြင်း ဖြစ်သည်။

ပြည်သူလူထု မထောက်ခံသော မြန်မာစစ်တပ်သည် ကျိန်းသေမုချ ကျရှုံးမည်သာ ဖြစ်သည်။ တရုတ်အစိုးရက အာဏာသိမ်းစစ်တပ်ဘက် ရပ်တည်ထောက်ခံခြင်းသည် ကျိန်းသေရှုံးမည့်မြင်းကို ပုံအော၍ လောင်းကြေး ထပ်ထားသလို ဖြစ်နေသည်။

စစ်ကောင်စီဘက် ရပ်တည်မှုကြောင့် မြန်မာလူထုကြားထဲတွင် တရုတ်မုန်းတီးရေးစိတ်ဓာတ်များ တစ်စတက်တစ်စ ပိုမိုပြင်းထန်လာခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများနှင့် တရုတ်အကျိုးစီးပွားများအတွက် ကောင်းသည့်လက္ခဏာ မဟုတ်ပါ။ တရုတ်အနေဖြင့် စစ်ကောင်စီအပေါ် တင်ရှိနေသော မြန်မာလူထု၏အမုန်း‌ဒေါသများကို ခွဲ‌ဝေမယူသင့်ပေ။

စိုးမိုးနယ်မြေများ ဆက်တိုက်ဆုံးရှုံးနေသော စိတ်ဓာတ်ပျက်ပြားနေသည့် မင်းအောင်လှိုင်၏စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့်သူ မဟုတ်ချေ။ မြန်မာလူထုထောက်ခံသည့် တော်လှန်ရေး အင်အားစုများကသာ တရုတ်နိုင်ငံ၏အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်‌ပေးနိုင်သူများ ဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ လျှော့ချနိုင်ရန်၊ တရုတ်နိုင်ငံ၏ကောင်းမွန်သောပုံရိပ် ပြန်လည်တည်ဆောက်နိုင်ရန်နှင့် မြန်မာရှိ တရုတ်အကျိုးစီးပွားများ ရေရှည်တည်တံ့ရန် အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံ ကူညီနေမှုများ ရပ်ဆိုင်းသင့်သည်။ ပြည်သူလူထု ထောက်ခံသော တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံ ညှိနှိုင်းသင့်သည်။ ယင်းသည်သာ ကောင်းမွန်မှန်ကန်သော နည်းလမ်း ဖြစ်သည်။

အချုပ်ဆိုရလျှင် တရုတ်အစိုးရအနေဖြင့် ရှုံးမည့်မြင်းကို လောင်းနေသည့် မြန်မာ့အရေးချဥ်းကပ်မှု မဟာဗျူဟာနည်းလမ်းများကို ပြန်လည်သုံးသပ်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။

အယ်ဒီတာ

#Ayeyarwaddy_Times #အယ်ဒီတာ့အာဘော်