ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ရက်
ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်တွင် စခန်းများကို စွန့်ခွာကာ တရုတ်နိုင်ငံအတွင်း လက်လွတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရုတ်အစိုးရက မြန်မာနိုင်ငံဘက်ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၃ရက် ည ၇နာရီ ၃၀မိနစ်ခန့်တွင် မူဆယ် မန့်ဝိန်းနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၂ ဦးကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ထားပြီး လက်နက်ကိုင်ဆောင်ထားသည့် PLA တပ်က တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ကျယ်ဂေါင်မှတဆင့် စစ်ကောင်စီတပ်သားများကို မူဆယ်ဘက်ခြမ်းသို့ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်သားတွေကိုလာပြန်ပို့တာ တရုတ်ဘက်က လက်နက်အပြည့်အစုံနဲ့။ ကန်ပိုက်တီကနေ နယ်စပ်ဖြတ်ကျော်ဝင်ပြေးကတည်းက စစ်တပ်က လက်နက်တွေထားခဲ့ရတယ်။ ဝင်ပြေးတော့ လက်နက်မပါဘူးပြောတယ်” ဟု ကချင်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ရက်နေ့ ညနေပိုင်းက ကန်ပိုက်တီမြို့ကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သည်။
ကန်ပိုက်တီမြို့ ရဲစခန်းကို KIA တပ်များဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီက မြို့အတွင်းရှိ အထပ်မြင့် ဟိုတယ်တစ်ခုပေါ်တွင် အကာအကွယ်ယူ၍ ပြန်လည်ခုခံကာ ပစ်ခတ်ခဲ့သည်။
ထိုသို့ ခံပစ်သော်လည်း KIA တပ်များမြို့တွင်း ဝင်ရောက် လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်များထား၍ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း လက်လွတ်ထွက်ပြေးသွားခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် တရုတ်- မြန်မာနယ်စပ်ဂိတ်များကို ပိတ်ပြီး စစ်ကောင်စီကို ကူညီရန်ကြိုးစားပေးခဲ့သော်လည်း ကန်ပိုက်တီတိုက်ပွဲဖြစ်ပွားချိန်တွင် နယ်စပ်ဂိတ်ကို ဖွင့်ပေးခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည်ကချင်ဘက်မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်များကို မဟာမိတ်ညီနောင်အဖွဲ့ သိမ်းယူရန်ကျန်နေသေးသည့် စစ်ကောင်စီရှိရာ ရှမ်းမြောက် မူဆယ်ဘက်သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။
ပုံစာ-တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်စဥ်
#ကန်ပိုက်တီ #စစ်ကောင်စီ #ထွက်ပြေး #တရုတ် #ပြန်လည်ပို့ဆောင် #Ayeyarwaddy_Times