
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၂၄ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီက လေကြောင်းမှနေ၍ ပေါက်ကွဲအား အလွန် ပြင်းထန်သော ကလပ်စတာဗုံးများ၊ ပေါင် ၅၀၀ ဗုံးများနှင့် ပေါင် ၂၅၀ ဗုံးများအပါအဝင် နေ့စဥ်တိုက်ခိုက် နေကြောင်းသိရသည်။
မင်းတပ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ်တပ်ပေါင်းစုများက နိုဝင်ဘာ ၈ ရက်နေ့မှ စတင်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မြို့၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်နိုင်ပြီဟု သိရသည်။
“မင်းတပ်မြို့ပေါ်ကို မနေ့ညနေပိုင်းက ပထမအကြိမ်ပေါင် ၂၅၀ ဗုံး နှစ် လုံးကြဲပြီး ဒုတိယအကြိမ် မြောက်မှာ ပေါင် ၅၀၀ ဗုံးတစ်လုံးထပ်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကျည်ကြောင့် တောင်ပုလုဘုန်းကြီး ကျောင်းခြံဝန်းအတွင်းမှာရှိတဲ့ သံဃာဆောင်တစ်ချို့ ထိခိုက်ပျက်စီးပြီး မီးလောင် ပါတယ်။ မီးခိုးတွေ၊ မီးတောက်တွေ တွေ့ရတယ်။ အရင်နေ့တွေကလည်း ကလက်စတာဗုံးအပါအဝင် ဗုံးအလုံးရေစုစုပေါင်း ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်ရှိ လူနေအိမ်အများအပြားကို လိုက်လံ မီးရှို့ခဲ့ပြီး လူနေအိမ်အများအပြားပျက်စီးခဲ့သည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် CDF-မင်းတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်များက အောင်ပွဲများရရှိနေပြီ အောင်ပွဲသတင်းများကို ချင်းညီနောင်မှတဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
ပုံစာ-မင်းတပ်မြို့ကိုလေကြောင်းမှ တိုက်ခိုက်ထားသည်ကို မြင်တွေ့ရစဉ်
#မင်းတပ်မြို့ #စစ်ကောင်စီ #ကလပ်စတာဗုံး #ပေါင်၅၀၀ဗုံးများ #လေကြောင်းတိုက်ခိုက်နေ #Ayeyarwaddy_Times