
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးကို စစ်ကောင်စီတပ်မှ ထိုးစစ် ဆင်လာသည့် အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်၏ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃) ဘက်မှနေ၍ ထိုးစစ်ဆင်တိုက် ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
“တပ်မတော်တန်းမြင့်ကျောင်းဘက်ကနေ ထိုးနေတာကြောင့် တိုက်ပွဲဖြစ်နေတာ ရက်နည်းနည်းကြာပြီ။ ဆက်တိုက်ဖြစ်နေတာပေါ့။ အဲဒီကအဖွဲ့တွေက မိုးကုတ်နဲ့ မိုးမိတ်ဗျူဟာကဆင်းလာတဲ့တပ်တွေပေါင်းထားတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် စစ်ရေးအရ အချက်အခြာကျသည့် တွင်းငယ်ရွာကို ပြန်ရရေးအတွက် အသည်းအသန်ကြိုးပမ်းကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး TNLA နှင့်ပူးပေါင်းအဖွဲ့များကလည်း ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်နေခြင်းကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြောင်း သိရသည်။
ကျရှုံးမြို့နယ်များဖြစ်သည့် မိုးကုတ်နှင့် မိုးမိတ်ဗျူဟာတို့မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် အချို့သည် အဆိုပါ တတက -၁၃ မှနေ၍ သပိတ်ကျင်းမြို့ နယ်၊ တွင်းငယ်ရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
TNLA နှင့်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ယင်းသင်တန်းကျောင်းကို ဝိုင်းပတ်ပိတ် ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှလေ ကြောင်းမှနေ၍ ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာသုံးရွာကို ဝင်ရောက်ကာ ပစ္စည်းများလုယက် သယ်ဆောင်ပြီး မီးတင်ရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-PLA
#မန္တလေး #သပိတ်ကျင်း #တွင်းငယ် #စစ်ကောင်စီ #TNLA #ပူးပေါင်းတပ် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times