ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပတောက်ချောင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်တို့က ပြည်သူ့စစ်မှုထမ်းအကြုံးဝင်သည့် အသက် ၁၈နှစ်မှ ၃၅နှစ်ရှိ လူငယ်များ၏ နေအိမ်များကို ခြိမ်းခြောက်၍ ငွေများတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

အသက် ၁၈နှစ်မှ ၃၅နှစ်ရှိ လူငယ်တစ်ဦးကို ခုနှစ်သောင်းကျပ်တောင်းယူသည့်အပြင် လူငယ်နှစ်ဦးရှိလျှင် တစ်သိန်းလေးသောင်းကျပ်ပေးဆောင်ရပြီး လူငယ်များမရှိသည့် နေအိမ်များက်ို တစ်သောင်းခွဲကျပ်စီ တောင်းယူကြောင်း ဒေသခံများကပြောသည်။

“အုပ်ကြီးနဲ့ စစ်သားတွေရောက်လာပြီး ပေါ်တာဆွဲဖို့ လုပ်ကြတယ််၊ လူရှာမရတော့ ညပိုင်း အစည်းအဝေးတွေ အတင်း​ခေါ်တယ်။ လူငယ်တွေရှောင်နေကြတော့ အချ်ို့ကျ လူငယ်ရှိတဲ့နေအိမ်တွေကို ငွေတောင်းယူကြတော့တာပဲ”ဟု ရေကြည်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပတောက်ချောင်းကျေးရွာအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာ ဦးမြင့်ဌေးဖြစ်ပြီး စစ်
ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ ယခုကဲ့သို့ ခြိမ်းခြောက်၍ နေ့စဥ်ငွေတောင်းယူမှုများ ပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။

ပတောက်ချောင်းကျေးရွာအုပ်စုအတွင်း ပြည်သူ့ စစ်မှုထမ်းအကြုံဝင်သည့် လူငယ်များ၏ နေအိမ်များနှင့် လူငယ်များမရှိနေအိမ်မှာ သုံလတစ်ကြိမ် အချိုးကျငွေပေးဆောင်ရမည် ဟူ၍လည်း ဒေသခံများက ဆက်လက်ပြောသည်။

ထို့ပြင် ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကျေးရွာအတွင်း ငွေသိန်းရာချီ တောင်းယူခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံများ၏ တိုင်ကြားသဖြင့် စစ်ဆေးပြီး နို၀င်ဘာလအတွင်းက ရာထူးမှ အနားပေးရုံသာပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချူပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုများ ပိုမိုလုပ်ဆောင်လာကြသည်။

ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ

#ရေကြည် #စစ်ကောင်စီ #ရပ်ကွက်အုပ်ချုပ်ရေးမှူး #အသက်၁၈နှစ် #၃၅နှစ် #လူငယ်များ #နေအိမ်တွေကို #ခြိမ်းခြောက်ငွေတောင်း #Ayeyarwaddy_Times