ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကျေးရွာအတွင်း ငွေသိန်းရာချီ တောင်းယူခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံများ၏ တိုင်ကြားသဖြင့် စစ်ဆေးပြီး နို၀င်ဘာလအတွင်းက ရာထူးမှ အနားပေးရုံသာပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကြက်ဖမွေးစောင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟိန်းထက်ကို ဒေသခံများ၏ တိုင်ကြားမှုကြောင့် တိုင်းအဆင့်နှင့်ခရိုင်စစ်ကောင်စီမှစစ်ဆေးပြီး ဖမ်းဆီးအရေးယူခြင်းမရှိပဲ ယခုကဲ့သို့ ပြစ်ဒဏ်ပေးမှုအပေါ် ဒေသခံများမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။

“ရွာမှ လူငယ်တွေရှိတဲ့အိမ်တွေကို စစ်မှုမထမ်းချင်ရင် သိန်းဘယ်လောက်သတ်မှတ်ပြီးကောက်တာ။ လစဉ်ထောက်ပံ့ဖို့ဆိုပြီး ကောက်တာရော လူစားထိုးငှါးဖို့ဆိုပြီးကောက်တာ လတိုင်းလိုလိုပဲ။ စစ်တဲ့သူတွေကိုလဲ ဘယ်လောက်လဘ်ထိုးလိုက်လဲမသိဘူး။ နောက်ပြီး ဖျာပုံမြို့နယ်ကကောင်စီဗိုလ်မှူးကလည်းသူ့ဘက်ကပဲ အတူတူစားထားကြတာ၊ ရွာကလူတွေကတော့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ လိမ်လည်ငွေတောင်းမှုတွေကြောင့်ထောင်မကျတော့မကျေနပ်ကြဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှုးသည် စစ်မှုထမ်းအပါတ်စဥ်တိုင်းအတွက် ကျေးရွာအတွင်း လူငယ်များရှိသည့် နေအိမ်များအပါအ၀င် ရာအိမ်မှူးများ၏နေအိမ်များကိုပါ ထောက်ပံကြေးဟုဆိုကာ လိုက်လံကောက်ခံငွေ စုစုပေါင်း သိန်း၅၀၀ခန့်ရှိကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလိုလုပ်ဆောင်နေကြသော်လည်း တိုင်ကြားပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ခြင်း စစ်ကောင်စီမှ စစ်ဆေးသော်လည်း လုံလောက်စွာအရေးယူမှုမရှိသောကြောင့် တိုင်ကြားခြင်းမပြုသူများကြောင်း ဒေသခံများထံမှသိရှိရသည်။

#စစ်မှုထမ်းဥပဒေ #သိန်းရာချီတောင်း #ဖျာပုံမြို့နယ် #အုပ်ချုပ်ရေးမှူး #တာ၀န်မှအနားပေး #ပြစ်ဒဏ်ပေး
#Ayeyarwaddy_Times