
Atimes Vlog
နိုဝင်ဘာ ၂၃ ရက်
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Sotheby လေလံပြတိုက်တွင် ပြုလုပ်သည့် လေလံပွဲတစ်ခုတွင် အီတလီလူမျိုး အနုပညာရှင်၏ လက်ရာဖြစ်သည့် နံရံတွင်တိပ်ဖြင့်ကပ်ထားသည့် ငှက်ပျောသီး ကို ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဖွား ခရစ်ပတိုငွေကြေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဂျက်စတင်ဆန် (Justin Sun) က ဈေးအမြင့်ဆုံးပေး၍ လေလံအောင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း အဆိုပါငှက်ပျောသီးကို စားသုံးသွားမည်ဖြစ်ကြောင်းလည်း သူကပြောဆိုခဲ့သည်။
“ဒါက အနုပညာလက်ရာတစ်ခုပဲ မဟုတ်ဘူး။ အနုပညာ၊ ရယ်မောစေတဲ့ Memes နဲ့ ခရစ်ပတိုကာရင်စီ အသိုက်အဝန်းကို ပေါင်းကူးပေးတဲ့ ယဉ်ကျေးမှုဖြစ်စဉ်တခုပဲ။ လာမယ့်ရက်တွေမှာ အနုပညာသမိုင်းနဲ့ လူထုယဉ်ကျေးမှု (Popular culture) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီတမူထူးခြားတဲ့ အနုပညာအတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ငှက်ပျောသီးကို စားသွားမှာပါ” ဟု ဆန် က Sotheby လေလံတိုက်၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ငှက်ပျောသီး အနုပညာကို ဝယ်ယူသူက ငှက်ပျောသီးမကောင်းတော့သည့်အခါ အစားထိုးလဲလှယ် နည်းများ နှင့် အီတလီအနုပညာရှင်၏ အနုပညာစစ်မှန်ကြောင်း လက်မှတ်များကိုပါ ဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံတွင် တိပ်ဖြင့်ကပ်ထားငှက်ပျောသီး အနုပညာလက်ရာ ပြသခြင်းမှာ ယခုအခါ တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် မိုင်ယာမီရှိုးပွဲတွင် ပြသထားစဉ် သရုပ်ပြအနုပညာရှင် ဒေးဗစ်ဒတူနာ (David Datuna) မှ ဗိုက်ဆာလာ၍ ယူစားခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မိုင်ယာမီကမ်းခြေတွင် ပြုလုပ်ခဲ့သည့် “ဟာသပညာရှင် (Comedian)” ဟူသည့် ခေါင်းစဉ်ဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရာ စားသုံးနိုင်သော ဖန်တီးမှုကို အနုပညာဟု အသိအမှတ်ပြုသင့်၊ မပြုသင့် ဟူသော အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုးကား-THE NATION
Refs;Banana taped to a wall sells for $6.2m in New York
#နံရံတွင်တိပ်ဖြင့်ကပ် #ငှက်ပျောသီး #ဒေါ်လာ၆ဒသမ၂သန်း #Ayeyarwaddy_Times