နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
မဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၎င်းတို့မရှုမလှ စစ်ရှုံးလာချိန်တွင် ၂၀၂၀ ရွေးကောက်ပွဲအား မဟုတ်မမှန် လုပ်ကြံထားသော Website နှင့် Mobile Application တို့ကို ဘာသာစကားငါးမျိုးဖြင့် တရားဝင်ကြေညာ ထုတ်လွှင့်ဖော်ပြလာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားပြီး ထိုအပေါ်စုံစမ်းစစ်ဆေး တွေ့ရှိချက်များဟူ၍ ပြည်တွင်းပြည်ပ လေ့လာကြည့်ရှုနိုင်ရန် Website နှင့် Mobile Application တို့ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“မဲရေတွက်ရတာ ပြည်သူအများရှေ့မှာ၊ တစ်ချို့ကိုယ်စားလှယ်တွေဆို NLD မဲဆိုရင် သူတို့ရှေ့မှာ သေချာဖြန့်ပြရတာ။ ဘယ်လိုမှ မသမာမှု လုပ်မရဘူး တီချယ့်အတွေ့အကြုံအရ ပြောပြတာပါ” ဟု လှိုင်မြို့နယ်တွင် မဲရုံမှူးလုပ်ခဲ့သူ CDM ပါမောက္ခတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ထိုသို့ရေးဆွဲ လွှင့်တင်နိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် လုပ်ငန်းစဉ် ၇ ရပ် ပါဝင်သည့် လုပ်ငန်းစီမံချက် ရေးဆွဲ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ဒုတိယပတ်မှ ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုအတွက် လွှင့်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ရုံး၌ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာ မှားယွင်းမှု၊ မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများ ဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီခန့် UEC ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။
စစ်ကောင်စီရုံးသည် အဆိုပါ Website နှင့် Mobile Application ရေးဆွဲလွှင့်တင်နိုင်ရေးအဖွဲ့ကို စစ်ကောင်စီလက်အောက်ခံများဖြစ်ကြသည့် UEC ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲကို သက်ဆိုင်ရာ ကြီးကြပ်သူများအပြင် ပညာရေး ဝန်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စောင့်ကြည့်လေ့လာကြပြီး ပြည်သူများအနေဖြင့်လည်း မိမိမဲစာရင်း မပါဝင်သည့်တိုင် အကြိမ်ကြိမ် ပုံစံဖောင်တောင်း၍ စနစ်တကျ မဲပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလည်း ဖြစ်တည်ခဲ့ပြီး ယင်းအပေါ် စစ်ကောင်စီနှင့် အပေါင်းအပါတို့က လက်မခံဘဲ မဲစာရင်း အကြောင်းပြ အာဏာသိမ်းလိုက်ခြင်းသည် ပြည်သူလူထုကို စနစ်တကျ စော်ကားလိုက်ခြင်းဖြစ်ကြောင်း မဲထည့်ခဲ့သူ CDM ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒါကို မဲလိမ်မဲခိုးလို့ဆိုပြီး ခေါင်းစဉ်တပ် အာဏာသိမ်းလိုက်တာဟာ ပြည်သူကို စနစ်တကျ အစီအစဉ်ထားပြီး စော်ကားလိုက်တာ။ နိုင်ငံတကာအပေါ်လည်း ဗြောင်ကျကျ လိမ်ချလိုက်တာပါပဲ။ မဲလေ့လာ စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေကိုပါ မြောင်းထဲကန်ချလိုက်တာပါ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကမူ အာဏာသိမ်းပြီနောက် ၂၀၂၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု၊ လွတ်လပ်၍ တရားမျှတမှု မရှိဟုဆိုကာ ရလဒ်အား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ထုတ်လွှင့်လိုက်သည့် Website နှင့် Mobile Application တို့တွင် ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလ ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များကို စစ်ကောင်စီက မမှန်မဟုတ် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ယင်းအပြင် နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်နှင့် လေ့လာလိုသူများ ပိုမိုပြည့်စုံစွာ ကြည့်ရှုနိုင်ရန်အတွက် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှ စတင်၍ ဖတ်ရှုနိုင်ပြီဟု ထုတ်ပြန်ထားသည်။
၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတ၍ အမှားကင်းသည်ဟု ရှုမြင်မိကြောင်း မဲစိစစ်ရေးကော်မတီ ဥက္ကဋ္ဌအထိ လုပ်ဆောင်ခဲ့သော ကလေးမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကထိက/ဌာနမှူး လည်းဖြစ် လက်ရှိ Mobile Medical Team (MMT West Division) တာဝန်ခံ ဒေါ်ရတီအုန်းက ဆိုသည်။
“တတ်နိုင်သမျှ အမှားကင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ မဲပေးတဲ့ ရက်မှာလည်း မဲရေတွက်ချိန်ထိ မျက်မြင်စောင့်ကြည့်ခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေမှာ မသမာမှု ဖန်တီးဖို့ အတော်ခက်ပါမယ်။ လူအများရှေ့ မှောက်မှာ သေချာလုပ်ခဲ့တာပါ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ထိုအရာဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အကူအညီရအောင်နှင့် ပြည်တွင်း၌ ၎င်းတို့ ဘက်ပေါင်းစုံ အရေးနိမ့်နေမှုအတွက် နောက်ဆုံးထွက်ပေါက်ဟု ယူဆထားသော ရွေးကောက်ပွဲ တစ်ရပ် ပြန်ကျင်းပနိုင်ရန် ရည်ရွယ်၍ NLD ပါတီကို ပုံဖျက်ခြင်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
ရွေး ကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်စာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေးခြင်း၊ ဆန္ဒမဲများရေတွက်ခြင်း စသည့်လုပ်ငန်းစဉ်တို့အပြင် မဲရလဒ်များစုစည်းသည့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။
၂၀၂၀ပြည်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်သည်ဟု စစ်တပ်က စွပ်စွဲထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ အနေဖြင့် တွေ့ရှိရသည်ဟု အဖွဲ့အစည်း ၁၁ ဖွဲ့ပါဝင်သည့် Myanmar Network Organization for Free and Fair Elections -MYNFREL က ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီ #၂၀၂၀ရွေးကောက်ပွဲ #လုပ်ကြံ #Website #MobileApplication #ဘာသာစကား၅မျိုး #ထုတ်လွှင့် #Ayeyarwaddy_Times