ဆောင်းပါးရှင် – ကိုရင်တာတေ
ဧရာ၀တီတိုင်းမ်၊နိုဝင်ဘာ၂၃ရက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်သွားရောက်ခဲ့ပြီးနောက် မြန်မာ့အရေးမှာ ပြောင်းလဲမှု တချို့ ရှိလာပြီး ထူးခြားဖြစ်စဉ်လို့ သုံးသပ်ရမယ့် ကိစ္စက သုံးခု ရှိလာပါတယ်။
ကိုးကန့်တပ် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ထိန်း သိမ်းတယ်ဆိုတဲ့ ကိစ္စ နဲ့ နိုင်ငံအနှံ့မှာ တရုတ်နည်းပညာသုံး တိုက် ခိုက်ရေး ဒရုန်းတွေ လှိုင်လှိုင်သုံး လာတဲ့ကိစ္စ။ နောက်တစ် ခုကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တရုတ်နဲ့ ပေါင်းပြီး လက်နက်ကိုင်ကိုင်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတဲ့ ကိစ္စပါ။
ဒီကိစ္စရပ် သုံးခုအပြင် စစ်အုပ်စုခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်း သူစွဲကိုင်သွားတဲ့ ရပ်တည်ချက် ကိုလည်း ပြန်ပြောင်းသုံးသပ်ဖို့ လိုပါတယ်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း ရှမ်းမြောက်ဒေသ စစ်ရှုံးနေလင့်ကစား ဟိုင်ဂင်ဆွေးနွေးပွဲကို သူတို့ဘက်က စဖောက်ဖျက်တာ မဟုတ်၊ လားရှိုးအပါအဝင် ရှမ်းမြောက် ဒေသအတော်များများကို သိမ်းယူထားတဲ့ ကိုးကန့်၊ ပလောင် တပ်တွေဟာ မူလနေရာကို နောက် ဆုတ်ပေးရမယ်ဆိုတဲ့ အထိုင်ကနေပဲ တရုတ်ကို စကားပြောခဲ့ပါတယ်။ တရုတ်က ပြန်လာပြီးနောက်ပိုင်းလည်း အဲဒီအထိုင်ပေါ်ကနေ ဆက်နေနေတာကို ကြည့်ရင် မြင်နိုင်ပါတယ်။
အကျိုးစီးပွားသာကြည့်တဲ့တရုတ်
မြန်မာ့ အိမ်နီးချင်း တရုတ်နဲ့ ပတ်သက်ရင် ဘယ်သူမှ မငြင်းနိုင်တဲ့အချက်က အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် ဘာမဆို လုပ်မယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်ပါ။ နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေးအရ ဘယ်လိုဘဲ အသံ ထွက်ပြ ထွက်ပြ၊ နောက်ဆုံးတော့ အမျိုးသားအကျိုးစီးပွားထိရင် မရဘူးဆိုတဲ့ထုံး နှလုံးမူ ကျင့်သုံးလေ့ ရှိပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လည်း ဒီအထိုင်ပေါ်ကနေပဲ ကျင့်သုံးလေ့ ရှိပါတယ်။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးတာ၊ သူတို့ကို တစ်ဖက်တစ်လမ်းက ကူညီနေတဲ့ “ဝ” တပ်ဖွဲ့ (UWSA) ကို ဖိအားပေးတာ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ဖိအားပေးတာ၊ တစ်ဖက်ကလည်း စစ်အုပ်စု လိုအပ်တဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့၊ နိုင်ငံတကာ မျက်နှာစာမှာ ကာကွယ်ပေးမှုတွေဟာ တရုတ်ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ သပ်သပ်ပါပဲ။ တရုတ်ရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီ၊ ခါးပတ်လမ်းစီမံကိန်း၊ ယူနန်ပြည်နယ် အကျိုး စီးပွား၊ ဒါတွေအတွက် ကာကွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီလို အကျိုးစီးပွား ကာကွယ်ဖို့အတွက်လည်း သူလက်လှမ်းမမီတဲ့ ရခိုင် ပြည်နယ်၊ ကျောက်တော်မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး လက်နက်ကိုင်လုံခြုံရေးအဖွဲ့ ဖွဲ့မယ်ဆိုတာလည်း ဒီသဘောပါပဲ။ တရုတ်ဟာ နိုင်ငံတကာက သူရဲ့စီမံကိန်းကြီးတွေရှိတဲ့ နေရာတိုင်း၊ နိုင်ငံတိုင်းလိုလိုမှာ အကျိုးစီးပွား ကာကွယ်ဖို့ အတွက် ဒါမျိုး လုပ်တဲ့ထုံးစံ ရှိပါတယ်။ မြန်မာမို့လို့ လုပ်တာတော့ မဟုတ်ပါဘူး။ အရင်ကတော့ ဒါကို စစ်အစိုးရက ကာကွယ်ထားနိုင်ပေမယ့် အခုမှာတော့ အာရက္ခတပ်တော်(AA)ရဲ့ ရခိုင်တခွင် စစ်ဆင်ရေး ကြောင့် လုံခြုံရေး စိတ်ပူရတယ်ဆို တာမျိုး ဖန်တီးပြပြီး တရုတ်ကို လက်နက်ကိုင် ဝင်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
တရုတ်လက်လှမ်းမီမှု
တရုတ်ဟာ မြန်မာပြည်နဲ့ ပတ်သက်ရင် ထိစပ်နိုင်မှုအရ အကန့်အသတ် ရှိပါတယ်။ စစ်အုပ်စုနဲ့ တိုက်ရိုက်ဆက်ဆံရေးရှိသလို နယ်ခြားမျဉ်းပေါ် ရှိတဲ့ “ဝ” အပေါ်မှာလည်း ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၈၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးမှု ရှိပါတယ်။ ဒီနေရာမှာ “ဝ” ကို ပြောပြီး ယူနန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ KIA ကို ကော လွှမ်းမိုးမှုရှိနေမှာပဲလို့ စောဒက တက်မှုတွေ ရှိနိုင်ပါတယ်။ ဒါလည်း မှန်ပါတယ်။ သို့သော် မတူတာက ယူနန်ပြည်နယ် စီးပွားရေးဟာ နယ်စပ်ကုန်သွယ်ရေး (အထူးသဖြင့် မှောင်ခိုကုန်သွယ်ရေး) ကို အားထားနေရလို့ ဖြစ်ပါတယ်။ နောက်ပြီး ကချင်ဒေသဟာ တရုတ်ပြည်အပေါ် မှီခိုရမှုက “ဝ” လောက် မရှိပါဘူး။
နောက်ထပ် တရုတ်လက်လှမ်းမီမှု ကြီးတာက မိုင်းလား၊ ကိုးကန့် စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုပါ။ ဒီတပ်ဖွဲ့တွေရဲ့ တရုတ်အပေါ် မှီခိုရမှုက “ဝ” နဲ့ နင်လားငါလား အဆင့်မှာ ရှိပါတယ်။ တရုတ်အပေါ် တိုက်ရိုက် မမှီခိုရသည့်တိုင် “ဝ” က တစ်ဆင့် မှီခိုရမှုက ကြီးမားပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ကတော့ ဒီအဖွဲ့တွေလောက် တရုတ်ရဲ့ လက်လှမ်းမီမှု၊ ဖိအားပေးခံရမှုက နည်းပါတယ်။
မြောက်ပိုင်းသုံးဖွဲ့က တစ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ် တော် (AA) ဆိုရင် တရုတ်ရဲ့ လက်လှမ်းမီမှုအရ ကြည့်ရင် ၄၀ ရာခိုင်နှုန်းလောက်ထိပဲ တွက်ဆနိုင်ပါတယ်။ နယ်မြေထိစပ်မှု မရှိတာ၊ တရုတ်ရဲ့ စစ်ရေးအရ ဖိအားပေးနိုင်တာတွေက တခြားအဖွဲ့တွေထက် နည်းပေမယ့် အခုဆိုရင် စီမံကိန်းလုံခြုံရေး အဖွဲ့ဆိုတာနဲ့ ဖိအားပေးဖို့ ကြိုးစားလာတာကို ကြည့်ရင် တရုတ်ဘက်က ကြိုးစားလာမှုကို မြင်နိုင်မှာပါ။
တရုတ်အကျိုးစီးပွားနဲ့ပထဝီအနေအထား
မြန်မာပြည်က တရုတ်အကျိုးစီးပွားတွေကို ကြည့်ရင် နိုင်ငံ့ခါးလယ်က ဖြတ်ထားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကြီးက အထူး အရေးပါပါတယ်။ ပိုက်လိုင်းအစပိုင်း ဖြစ်တဲ့ ကျောက်ဖြူမှာ လက်နက်ကိုင်လုံခြုံရေး အဖွဲ့ ဖွဲ့ပြီး စည်းရိုးထိုး ကာဖို့ လုပ်သလို နယ်နိမိတ်ထိစပ်ထားတဲ့ “ဝ” ၊ မိုင်းလား၊ ကိုးကန့်ဒေသတွေမှာလည်း ဖိအားပေးမှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီဒေသတွေမှာလည်း ကျောက်ဖြူလို လက် နက်ကိုင်လုံခြုံရေးအဖွဲ့တွေ ထပ်တိုးဝင်လာဖို့က မြင်တွေ့ရနိုင်ပါတယ်။
ဒီနေရာမှာ မေးခွန်းတစ်ခု ရှိလာကတော့ ပိုက်လိုင်းတောက်လျောက် ရှိနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေပါ။ PDF တွေ အပါအဝင် LPDF တွေပါ။ သူတို့ကိုကော တရုတ်က ဖိအားတွေ မလာနိုင်ဘူး လားဆိုတဲ့ မေးခွန်းပါလာနိုင်ပါတယ်။
တရုတ်ဆီက တိုက်ရိုက် မဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုကို စစ်ရေး၊ နည်းပညာအကူအညီပေး ဖိနှိပ်ခိုင်းခြင်း ဖြင့် လာနိုင်တာပါ။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် မတိုင်မီ မြေပြန့်ဒေသ (ဒီနေရာမှာ မြေပြန့်လို့ သုံးနှုန်းတာဟာ မြောက်ပိုင်းညီနောင် သုံးဖွဲ့၊ “ဝ”၊ မိုင်းလားတို့နဲ့ ကွဲပြားတယ်ဆိုတာကို မြင်သာစေချင်တာကြောင့်ပါ) တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကို ထိုးနှက်ဖို့အတွက် တရုတ်ဘက်က နည်း လမ်းပေါင်းစုံ ကူညီခဲ့ပြီး ဖြစ်ပါတယ်။
အထူးသဖြင့် မြေပြင်စစ်ကြောင်းထိုးမှု အကြီးအကျယ် ရှုံးနိမ့်နေတဲ့ မင်းအောင်လှိုင် စစ်တပ်အတွက် ဒရုန်းနည်းပညာလိုဟာမျိုး ပံ့ပိုးတာ၊ စက်ပစ္စည်းတွေ ရောင်းချပေးတာ၊ ခေါ်ယူသင်တန်းပေးတာတွေဟာ မြေပြန့်ဒေသက အင်အားစုတွေကို ဦးတည်ချက်ထား တိုက်ခိုက်နိုင်ဖို့ ဖြစ်ပါတယ်။
ငါတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ၊ အင်အားကြီးတဲ့ AA ကိုတော့ ငါတို့နည်း ငါတို့ဟန်နဲ့ ဖိအားပေးမယ်၊ မင်းကတော့ ဗမာချင်းလို့ ပြောရမယ့် မြေပြန့်က PDF တွေ၊ LPDF တွေကို ထိန်းဆိုတဲ့ ဗျူဟာပါပဲ။
အဓိကရုဏ်းဖန်တီးပြီးကြေးစားတပ်သွင်းလာတဲ့စစ်အုပ်စု
အခုလိုမျိုး တရုတ်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေ လုပ်လာတာကြောင့် ပြည်တွင်းမှာကော၊ ပြည်ပရောက် မြန်မာတွေကြားမှာပါ တရုတ်ဆန့်ကျင်ရေးက အားကောင်းလာတာ မြင်ရမှာပါ။ သမိုင်းကို ပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ တစ်စုံတစ်ခုသော တွန်းလှန်မှုတွေကြောင့် အမျိုးသားရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတွေကို ဖန်တီးလေ့ ရှိတယ်ဆိုတဲ့ အချက်ကို မေ့ထားလို့ မရပါဘူး။
ရှမ်းမြောက်ဒေသကို ပြန်ယူနိုင်ဖို့ဆိုတာ ဝေးကော၊ ရခိုင်တစ်ပြည်လုံးကို AA လက်ထဲ အပ်ရတော့မယ့် အကြမ်းဖက်စစ်တပ် ဟာ သူတို့ရဲ့ ပင်မခြေကုပ်ဖြစ်တဲ့ နေပြည်တော် အပါအဝင် မြေပြန့်ဒေသကိုပါ ပေးရပြီဆိုရင် မည်ကာမတ္တ အစိုးရအဖြစ် ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှ တွေးကြည့်လို့ မရနိုင်တော့ပါဘူး။
ဒီလို အမျိုးသားရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတွေဖြစ်လာဖို့အတွက်ကိုလည်း တရုတ်ဆန့်ကျင် ဆန္ဒပြပွဲတွေ၊ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခိုင်းတာတွေနဲ့ အရှိန်တင်ပေးခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်ကနေလည်း မင်းအကျိုးစီးပွားအတွက် မင်းမှာလည်း တာဝန်ရှိတယ်ဆိုပြီး တရုတ်ကို ချဉ်းကပ်၊ သူနဲ့နီးစပ်တဲ့ ရှမ်းမြောက်ဒေသတွေကို ဖိအားပေးခိုင်း၊ အလှမ်းဝေးတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူအထိ တရုတ်ကိုဝင်ခွင့်ပေးပြီး ကျန်တဲ့ မြေပြန့်ဒေသမှာ တရုတ်နည်းပညာသုံး အဆင့် မြှင့်ထားတဲ့ ဒရုန်းလိုမျိုးဟာနဲ့ ဘယ်သူသေသေ ငါတို့ အာဏာမြဲဖို့ လိုတယ်ဆိုတဲ့ ထုံး နှလုံးမူပြီး လုပ်လာတာ ဖြစ်ပါတယ်။
မြန်မာ့ မြေပေါ် တရုတ်တပ်ကြီး ရောက်လာလည်း ဂရုမစိုက်ဘူး၊ ငါ အာဏာမြဲရေးသာလျှင် အဓိက ဆိုတဲ့ပုံစံနဲ့ တရုတ်အားကို ရယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအချုပ်အခြာ အာဏာဆိုတာ ဘေးချိတ်ဆိုတဲ့ သဘောပါပဲ။
ဒီစဉ်းစားချက်နဲ့ပဲ တရုတ်နည်းပညာရယူပြီး မတရား စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူထားတဲ့သူတွေနဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တက္ကသိုလ်အရန်တပ်တွေကို ဒရုန်းသင်တန်းပေးတာ၊ ဒရုန်းအထူးတပ်ဖွဲ့ ဖွဲစည်းတာ၊ PDF နဲ့ LPDF အားကောင်းတဲ့ ဒေသတွေမှာ ဒရုန်းတွေ လှိုင်လှိုင်သုံးပြီး စစ်ရာဇဝတ်မှုပေါင်းများစွာ နေ့စဉ်ရက်ဆက် ကျူးလွန်နေတာကို ကြည့်နိုင်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြန် အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိကပစ်မှတ်ဖြစ်လာတာဟာ မြောက်ပိုင်းသုံးဖွဲ့နဲ့ တခြား တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထက် (ERO) တွေထက် PDF နဲ့ LPDF တွေဆိုတာ သိသာ၊ မြင်သာစေပါတယ်။ ဒါဟာ လာမယ့် ၂၀၂၅ ခုနှစ်ကာလ အကြမ်းဖက်စစ်အုပ်စု ကစားမယ့် စစ်ရေးကစားကွက် လည်း ဖြစ်ပါတယ်။
တရားခံကမင်းအောင်လှိုင်
နိုင်ငံမှာ ဖြစ်နေတဲ့ တော်လှန်ရေးဟာ အစိုးရ အပြောင်းအလဲ တစ်ရပ်အတွက် မဟုတ်၊ အာဏာရှင် စနစ်မှန်သမျှ ချုပ်ငြိမ်းရေး ဖြစ်ပါတယ်။ ဒီ့အတွက်လည်း နိုင်ငံမှာ တစ်ခါမှ မရဖူးတဲ့ ညီညွတ်မှုနဲ့ တစ်နိုင်ငံလုံး က နေရာပေါင်းစုံကနေ တွန်းလှန်နေကြတာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို မလိုလားသူကတော့ အထူး ပြောစရာမလို၊ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် ဖြစ်ပါတယ်။ အာဏာမြဲရေးအတွက် နိုင်ငံဟာ အခွံကြီး ကျန်လည်း ဖြစ်တယ်၊ တိုင်းတပါး လက်ဝေခံ ဖြစ်လည်း ရတယ် ဆိုတဲ့ ပုံစံနဲ့ တရုတ်တပ်ကို နိုင်ငံထဲ ခြေချခိုင်း၊ ERO တွေကို ဖိအားပေးခိုင်း၊ သူတို့ ကိုယ်တိုင်က တရုတ်အကူအညီနဲ့ မြေပြန့်ဒေသ ထိန်းချုပ်ရေး လုပ်ပြီး ကျန်တဲ့ နိုင်ငံ့လူထုနဲ့ အစိုးရ ဆက်လုပ်ဖို့ စိုင်းပြင်းနေဦးမှာပါ။
ဒါကြောင့် နိုင်ငံ့လူထုဟာ စစ်အုပ်စုက ကျုံးသွင်းနေတဲ့ တရုတ်မုန်းတီးရေး အမျိုးသားရေးအသွင် သဏ္ဍာန်ဆာင်တဲ့ အဓိကရုဏ်းတွေဆီထက် ရင်းမြစ်တရားခံဟာ ဘယ်သူဆိုတာ သဘောပေါက်ကြဖို့ လိုပါတယ်။
အခု တင်ပြတဲ့အချက်တွေဟာ တရုတ်နဲ့ ရင်ကြားစေ့ရေးအတွက် ကော်ကပ်ပေးနေတာ မဟုတ်ပါဘူး။ တရုတ်သည်ပင်လျှင် အကြမ်းဖက်စစ်အုပ်စု နိုင်ငံရေးကစားတာကို ခံနေရတယ်ကို ခပ်ဝေးဝေးအထိ မြင်ထားနိုင်ဖို့ လိုပါတယ်။ ဒါမှသာလျှင် စစ်အုပ်စုရဲ့ ခြေလှမ်းကို မြင်နိုင်မှာ ဖြစ်သလို တန်ပြန်ဝါဒဖြန့် လှုပ်ရှားမှုတွေကို သရုပ် သကန်ခွဲပြီး တော်လှန်ရေးအတွက် ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။
ဖော်ပြပါ အကြောင်းအရာများသည် ပြင်ပ ဆောင်းပါးရှင်၏ မူရင်းအာဘော်သာဖြစ်ပါသည်။
#အမျိုးသားရေးသရုပ်ဖုံး #စစ်အုပ်စုခြေလှမ်း #ဆောင်းပါး #Ayeyarwaddy_Times