
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စက်သုံးဆီ အလုအယက်ဝယ်ယူနေကြသည့်အတွက် စက်သုံးဆီစျေး မြင့်တက်နေကြောင်း ဒေသခံများထံက သိရှိရသည်။
ကလေးမြို့တွင် စက်သုံးဆီခွဲတမ်း လုံးဝချပေးသွားမည်မဟုတ်ကြောင်း စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၇ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များထံ ညွှန်ကြားထားသည်။
အဆိုပါ ညွန်ကြားချက်ကြောင့် ကလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် နိုဝင်ဘာ၁၉ရက်နေ့မှစ၍ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြခြင်းဖြစ်သည်။
“လူတွေက စက်သုံးဆီပြတ်လပ်သွားမှာကို စိုးရိမ်နေကြတယ်။ အဲ့ဒါတွေကြောင့် တန်းစီပြီး အလုအယက်ဝယ်ယူကြတယ်။ စျေးဆိုင်တချို့ စက်သုံးဆီပြတ်သွားတဲ့အထိဖြစ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း ကလေးမြို့ရှိ စက်သုံးဆီ ဝယ်ယူသူများပြားနေသည့်အတွက် စျေးဆိုင်တချို့ ပိတ်ထားလိုက်ရပြီး ရောင်းချသည့်စျေးဆိုင်များလည်း ဆီပြတ်လပ်သွားသည့်အထိ ရောင်းချနေရကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၀ ရက်နေ့က စက်သုံးဆီ ဝယ်ယူသူများပြားနေသည့်အတွက် စက်သုံးဆီ တစ်ဂါလံ ၂၈,၀၀၀ ကျပ်မှ တစ်ဂါလံ ၄၀,၀၀၀ ကျပ်အထိ စျေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။
“စက်သုံးဆီနဲ့ လုပ်ငန်းလည်ပတ်သူတွေက ဆီပုံး၊ ဆီပေပါတွေနဲ့ ကားတင်ပြီး ဝယ်ယူနေကြတယ်။ ဆီစျေးကလည်း တက်သွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့တွင် စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်း ချပေးသွားမည်မဟုတ်သော်လည်း နယ်စပ်မှတဆင့် စက်သုံးဆီကို ဝယ်ယူတင်သွင်းနိုင်သည့်အတွက် စက်သုံးဆီ လုံးဝပြတ်သွားမည်ကို စိုးရိမ်စရာမလိုကြောင်း ဒေသခံတချို့က သုံးသပ်ထားသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအားလုံးနှင့် ထီးချိုင့်၊ ကသာ၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ကလေး ၊ မိုင်းရယ်၊ ခမ်းပက်၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး) ၊ မိုးကုတ်၊ မြင်းခြံ စသည့်မြို့နယ်များတွင် စက်သုံးဆီ လုံးဝ ချပေးသွားမည်
မဟုတ်ကြောင်း ညွှန်ကြားထားသည်။
စက်သုံးဆီ ပိတ်ထားသည့် မြို့နယ်များတွင် သက်ဆိုင်ရာစစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာရုံးများအတွက် စက်သုံးဆီကို အထူးကိစ္စရပ်
အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပုံစာ- ကလေးမြို့ စက်သုံးဆီအရောင်ဆိုင်
တစ်ဆိုင်ကို တွေ့ရစဥ်။(CJ)
#ကလေးမြို့ # စက်သုံးဆီ #အလုအယက်
ဝယ်ယူ #စျေးမြင့်တက် #Ayeyarwaddy_Times