ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသောသတင်းမီဒီယာကောင်စီ သက်တမ်းသုံးနှစ်ပြည့်ပြီဖြစ်၍ ပြန်လည်ဖွဲ့စည်းရာတွင် စစ်အုပ်စုနှင့်နီးစပ်သူ စစ်ကောင်စီက ခိုင်းရာလုပ်မည့် ရုပ်သေးသမားများ သာပါဝင်လာကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းတွင် လုပ်ကိုင်နေသူများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်သော မြန်မာသတင်းမီဒီယာကောင်စီတွင် စွယ်စုံမီဒီယာဂရုပိုင်ရှင် လက်ရှိပြည်မြန်မာ ဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ဦးသန်းရွှေ လက်ထက်မှစတင်ကာ စစ်အုပ်စုနှင့် တစ်လျှောက်လုံး နီးစပ်သူ ဝန်ကြီးဟောင်းသားနှင့် စာရေးသူများ ပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌဖြစ်သူ ဒေါက်တာတင်ထွန်းဦးသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပုစွန်တောင်မဲဆန္ဒနယ်မှနေ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီကိုယ်စားလှယ်လောင်းအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး မြန်မာတိုင်းမ်စာစောင် ထုတ်ဝေသူ နှင့် ရှယ်ယာခွဲတမ်းပိုင်ဆိုင်သူဖြစ်ကြောင်းသိရသည်။

“ အခုကောင်စီမှာနေတဲ့သူ ၂၅ ယောက်ကိုကြည့်လိုက်ရင် NLD အစိုးရမတက်ခင် ၂၀၁၅ ခုနှစ် (အစောပိုင်း) နဲ့ အခုကာလမှာ အစိုးရ( စစ်တပ်)နဲ့ ဖော်လံဖားလုပ်နေတဲ့သူတွေဖြစ်တယ်။ စစ်တပ်နဲ့ တောက်လျှောက် ပလဲနံပသင့်သူတွေ ဖြစ်တယ်။ အခုလူတွေအားလုံးကလည်း အဲဒီဘောင်မှာပဲရှိတယ်။ အဲဒီလူတွေထဲမှာ ဘယ်အစိုးရတက်တက် ဖော်လန်ဖားလုပ်ပြီးတော့ ရပ်တည်မယ်၊ နေရာရအောင်လုပ်မယ်။ အခွင့်အရေးရအောင်လုပ်မယ်ဆိုတာမျိုးပဲ။ ဒီအခြေအနေမှာဘာမှ မထူးဆန်းဘူး” လုပ်သက် ၂၀ ကျော်ရှိ သတင်းစာဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါသတင်းမီဒီယာကောင်စီတွင် ဒုတိယဥက္ကဌ ( ၁) အဖြစ် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ( MISIS) မှ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်ဇော်၊ ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ကြေးမုံသတင်းစာ စာတည်းမှူးချုပ်ဟောင်း ဦးခင်မောင်ကျော်ဒင်၊ အတွင်းရေးမှူးအဖြစ် ရေတပ် စစ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား ဦးအေးချမ်း တို့ပါဝင်သည်။

ထို့ပြင် သတင်းမီဒီယာကောင်စီဝင်များအဖြစ် စီးပွားရေးနှင့်အောင်မြင်ရေးတက်ကျမ်းများရေးသားသည့် ဦးမြင့်သိန်း ( မောင်မောင်မြင့်သိန်း) ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း ( FCCM) ဒေါက်တာဇော်သန်း နှင့် ၎င်း၏သမီး ဒေါ်နှင်းအေးခိုင်တို့ပါဝင်သည်။

အလင်္ကာဝတ်ရည်ထုတ်သူ ဥက္ကာအေး နှင့် စစ်ကောင်စီအာဘော်သတင်းစာများတွင် ကာတွန်းဆွဲနေသူ ဦးလှထွဋ်ဦး (ကာတွန်းလှထွဋ်ဦး) တို့သည်လည်း စစ်ကောင်စီက ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီတွင် တွဲဖက်အတွင်းရေးမှူးများအဖြစ်ပါဝင်သည်။

ထို့ပြင် သမ္မတဟောင်းဦးသိန်းစိန် ( အရပ်သားတစ်ပိုင်းစစ်အစိုးရ) တာဝန်ယူစဉ်က နေပြည်တော်တွင် ကျင်းပသော ပွဲ၊အခမ်း အနားများတွင် မီဒီမီယာသမားများကိုဖိတ်ခေါ်ကာ ခရီးစီစဉ်ပေးသူ ဒေါက်တာတင်အောင်ခိုင်နှင့် တရားလွှတ်တော်ရှေ့နေ စာရေးသူ ဦးရဲမင်းစိုး ( မောင်မောက်ဝတ်လုံ) အပါအဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရသိရသည်။

“အခုလိုစစ်တပ်နဲ့နွယ်ပြီးတော့ စစ်ကောင်စီအကြိုက် စစ်တပ်နဲ့ပေါင်းပြီးတော့ စစ်တပ်နဲ့ လုပ်မှာရမှာဘာမှ မျှော်လင့်ချက်မရှိဘူး။ တပ်ခိုင်းဘက်ကလွဲပြီးဘာမှမလုပ်နိုင်ဘူး။ နိုင်ငံတကာ မျက်နှာစာမှာ သတင်းမီဒီယာကောင်စီရှိပါတယ်ဆိုတာနဲ့ တပ်ကလိုအပ်ချိန်မှာ statement ထုတ်ပေး တာကလွဲရင်ဘာမှမျှော်လင့်ချက်မရှိဘူး။ ဘာမှအပြောင်းအလဲလို့မြင်စရာလည်းမရှိဘူး။ ဘာကြောင့်လဲ ဆိုရင် သူ့လူဖြစ်တဲ့အတွက် တပ်ကခိုင်းရင်လုပ်ပေးရမှာပဲ “ ဟု လုပ်သက် ၂၀ ကျော်ရှိ သတင်းစာဆရာ က သုံးသပ်ပြောကြားသည်။

အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာပင် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထိန်းချုပ်ကန့်သတ်မှုများခံနေရချိန် သတင်းမီဒီယာကောင်စီ၏လုပ်ပိုင်ခွင့်များကို မေးခွန်းထုတ်နေရသဖြင့် ယခုလို စစ်ကောင်စီ စိတ်ကြိုက်ဖွဲ့စည်းထားသည့်ကောင်စီတွင် မျှော်လင့်ချက်မရှိကြောင်း စာနယ်ဇင်းသမားသတင်းမီဒီယာ ဆရာတစ်ဦးက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီအာဏာစတင်သိမ်းယူသည့် ၂၀၂၁ ခုနှစ်တွင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတွင် ဥက္ကဌအဖြစ် ဒုဗိုလ်မှူးကြီးဟောင်း ဦးအုန်းမောင် ( မြင်းမူ- မောင်နိုင်မိုး) တာဝန်ယူပြီး အဖွဲ့ဝင် ၂၂ ယောက်ပါဝင်သည်။

၎င်းတို့၏ သက်တမ်းသုံးနှစ်အတွင်း နိုင်ငံတကာတွင်ကျင်းပသော သတင်းမီဒီယာနှင့် ပတ်သက်သောအခမ်းအနားများတွင် ပါဝင်တက်ရောက်ကြကြောင်းသိရသည်။

မြန်မာသတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်တွင်အတည်ပြုပြီးနောက် သတင်းမီဒီယာကောင်စီကို သုံးနှစ်တစ်ကြိမ်ဖွဲ့စည်းရန်ပြဌာန်းထားသည်။

ပုံစာ-စွယ်စုံမီဒီယာဂရုပိုင်ရှင် ဒေါက်တာတင်ထွန်းဦး
#မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖွဲ့စည်း #သုံးနှစ်တစ်ကြိမ် #စစ်အုပ်စုနှင့်နီးစပ်သူများပါဝင် #Ayeyarwaddy_Times