ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ညက ထိုင်းရဲမှ စစ်ဆေးစဉ် ကားမောင်းထွက်ပြေးရာမှ ကားမှောက် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ခုနစ်ဦး၏ နစ်နစ်ကြေး ရရှိရေး နှင့် နာရေးကိစ္စများကို (M.H.A.C)မဟာမိတ်အဖွဲ့ နှင့် မြန်မာ့အလုပ်သမားအရေးဆောင်ရွက်သည့် NGO အဖွဲ့အစည်း မှ လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ကာ သေဆုံးခဲ့ရသူ ခုနစ်ဦးထဲတွင် CDM ပြုလုပ်ထားသူ နှစ်ဦးပါဝင်ပြီး မီးသတ်ဌာန မှ CDM တစ်ဦး နှင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌CDM ကျောင်းဆရာမတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

သေဆုံးသူများမှာ ကားမောင်းသမားကိုအောင်အောင်ဦး(၂၉ နှစ်)၊ ကိုလင်းဇော်အောင်(၃၁ နှစ်)၊ မဇာဇာဦး(၃၁ နှစ်)၊ မသီရိကိုကို(၂၄ နှစ်)၊ မနှင်းကိုကို(၂၁ နှစ်)၊ မအေးသက်မွန်(၂၉ နှစ်)နှင့် မအေးမြတ်မွန်(၂၇ နှစ်) တို့ ဖြစ်ပြီး ၎င်းတို့၏ နာရေးကို နခွန်ပထုန်မြို့နှင့် ပထုန်ဌာနီမြို့ နှစ်နေရာခွဲကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ယာဥ်တိုက်မှု ဖြစ်စဥ်မှာ ရဲစခန်းက သေမှုသေခင်း နဲ့အတူ အထောက်အထားမဲ့တင်ဆောင်မှုနဲ့ တရားစွဲထားတယ်။ ကားပိုင်ရှင်ကို တရားစွဲထားပေမဲ့ ကားပိုင်ရှင်က သူမသိဘူးဆိုပြီး တော့ငြင်းထားတာ ရှိတယ်။ ကားမောင်းသမားကလွဲပြီး ကျန်တဲ့ မြန်မာအကုန်လုံးက အထောက်အထားမဲ့ဖြစ်တဲ့အတွက် ထိုင်းရဲဘက်က ဒီလိုအမှုကို သူကတရားလိုလုပ်ပြီး အမှုဖွင့်လို့ရပါတယ်။ သေဆုံးသူတွေ အားလုံးရဲ့ မိသားစု တွေနဲ့အဆက်အသွယ်ရပါတယ်” ဟု (M.H.A.C)မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် သေဆုံးသူများအနက် ဇနီးမောင်နှံနှစ်ဦးအတွက် ထိုက်သင့်သည့်နစ်နာကြေးများရရှိရန်(M.H.A.C)မဟာမိတ်အဖွဲ့မှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ငါးဦးအတွက်ကိုမူ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် NGO အဖွဲ့အစည်းတစ်ခုမှ လိုက်ပါကူညီဆောင်ရွက်ပေးနေ ကြောင်းလည်း သိရသည်။

သို့ရာတွင် တိမ်းမှောက်ခဲ့သည့်ကားမှာ ကားအာမခံ လုပ်ဆောင်ထားခြင်း မရှိသည့်အတွက် သေဆုံးသူများ နစ်နာကြေးရရှိနိုင်ရေး လုပ်ငန်းစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်းလည်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ပထုံဌာနီခရိုင်၊ တလာ့တ်ထိုင်းဈေးမှ အခြားခရိုင်တစ်ခုတွင် အလုပ်သွား ရောက်လုပ်ကိုင်ရန်လာရောက်စ ဉ်ခွန်ပထုံခရိုင်၊ ဘန်လင်မြို့နယ်အရောက်တွင် ထိုင်းရဲမှ စစ်ဆေးသည့်အတွက် ကားမောင်းပြေးရာမှ လမ်းဘေးဓာတ်တိုင်ကို တိုက်မိကာ ကား မှောက်ခဲ့ပြီး ကားပေါ်ပါ မြန်မာ ခုနစ် ဦး လုံး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ – အေ‌အေစီ ရဲမင်း
#ထိုင်း #မြန်မာနိုင်ငံသား #သေဆုံး #ယာဉ်တိမ်းမှောက် #Ayeyarwaddy_Times