ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အနီးတဝိုက်ရှိမြို့နယ်နှင့် ကျေးရွာများကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ အင်အားတိုးချဲ့၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဒေသခံများကို တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီ၏လေတပ်စခန်းနှင့် တပ်မ ၉၉ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့များက လုံခြုံ ရေး အကြောင်းပြကာ မြို့နယ်နှင့်ကျေးရွာများသို့ ဝင်ရောက်ကာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“မိတ္ထီလာနဲ့ မလှိုင်ဘက်မှာ ပိုဆိုးတယ်။ မြို့ပေါ်တွေရော ကျေးရွာတွေကပါ ပေါ်တာဆွဲနေတာ။ သိရသလောက်ဆိုရင် လူငယ် ၂၀ ကျော်၊ ၃၀ နီးပါးလောက်ရှိပြီ ပါသွားတာ။ ကျေးရွာတွေဘက် ပိုဆိုးတာပေါ့။ ဒီဘက်ကတိုက်ပွဲလည်း သိပ်ဖြစ်တဲ့ နေရာတော့မဟုတ်ဘူး။ အစိမ်းထောက်ခံသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေ များတယ်။ ပါသွားတဲ့သူတွေထဲ ထောက်ခံတဲ့မိသားစုဝင်တွေလည်း ပါတယ်”ဟု မိတ္ထီလာမြို့နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် မလှိုင်မြို့နယ်ရှိ ၁၀ ရပ်ကွက်နှင့် ဘောက်ခွေးတောကျေးရွာအုပ်စုရှိ ဇီးဖြူကန်ကျေးရွာမှ လူငယ်အချို့ကိုလည်း တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က မိတ္ထီလာမြို့နယ်နှင့် အနီးတဝိုက်မြို့နယ်များ တည်ငြိမ်အေးချမ်းစေရန်ဟုဆိုကာ စစ်ကောင်စီက အမြန်လမ်းမနှင့် မြို့အဝင်တိုးဂိတ်တို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့တည်ငြိမ်အေးချမ်းစေရေး၊ PDFများနှင့် လက်နက်ခဲယမ်းများ မဝင်ရောက်စေရေးအတွက် မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ သာစည်နှင့် ပျော်ဘွယ်တို့မှ PDFဓာတ်ပုံများနှင့် မှတ် ပုံတင်တို့ကို တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြခဲ့သည်။

ယင်းသို့ လုံခြုံရေးအကြောင်းပြကာ တိုးဂိတ်နှင့် မြို့ အဝင်ဂိတ်များတွင် စစ်ကောင်စီနှင့် ပျူစောထီးပူပေါင်းအဖွဲ့မှ ဒေသခံများထံမှ ငွေးကြေးများကောက်ယူလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်တွင် ကျေးရွာ များအတွင်း ဝင်ရောက်ကာ ယခုကဲ့သို့ ပေါ်တာဆွဲ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေ‌ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပုံစာ-နိုဝင်ဘာ ၃ ရက်နေ့က လုံခြုံရေးအကြောင်းပြကာ မြို့ဝင်ဂိတ်နှင့်တိုးဂိတ်များတွင် စကစတပ်သားများ စစ်ဆေးနေစဉ်။
#မန္တလေး #မတ္ထီလာ #မလှိုင် #စစ်ကောင်စီတပ် #တပ်သားသစ် #ပေါ်တာဆွဲ
#Ayeyarwaddy_Times