ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ရက်

မြေပြင်ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံထားရ၍ စစ်ကောင်စီ၏ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ရဟတ်ယာဉ်ဖြင့် ပေးပို့ခဲ့သည့် လက်နက်၊ခဲယမ်းနှင့် ရိက္ခာထုပ်များ အာရက္ခတပ်တော် AA လက်ထဲရောက်ရှိသွားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက စစ်ကောင်စီမှ ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ချပေးခဲ့သည့် လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များမှာ နပခအတွင်း မရောက်ရှိဘဲ AAထံရောက်ရှိသွားကြောင်း သိရသည်။

“အထုပ်တွေက တစ်ခါချ နှစ်ထုပ်အတော်များတယ်။ လေထီးနဲ့ချပေးတာ ရဟတ်က နိမ့်နိမ့်မပျံရဲဘူးထင်တယ် အမြင့်ကနေချတာ။ နပခဝန်းထဲမကျဘဲ အဝေးကိုကျတော့ ထွက်မကောက်ရဲကြဘူးလားမသိ တပ်တော်က ရသွားတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ရက်နေ့ကလည်း နပခအတွင်း လက်နက်၊ခဲယမ်းနှင့် ရိက္ခာထုပ်များကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်လာရောက်ချပေးခဲ့ပြီး ယင်းနေ့တွင်ပင် နပခရှိ လက်နက်သိုလှောင်ရုံကို AAက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ဖောက်ခွဲနိုင်ခဲ့သည်။

“လေယာဉ်ပစ်ခံထိထားရတော့ အမြင့်ကပျံပြီး အထုပ်ချတာ အဝေးကိုကျကုန်တယ်။ တပ်တော်က ပတ်လည်စောင့်ကြည့် ပစ်ခတ်နေတော့ အထုပ်တွေစစ်တပ်ကမရလိုက်ဘူး” ဟု သတင်းရင်းမြစ်ကပြောသည်။

မြေပြင်စစ်ကူအတွက် တစ်ခုတည်းသော အမ်း- ပဒါန်းလမ်းကြောင်းမှာလည်း အရှိုချင်းတပ်ဖွဲ့များနှင့် မင်းဘူးတော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှာ အထိနာလျက်ရှိသည်။

အမ်းတွင် နပခအပါအဝင် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း ၁၈ခုခန့်ရှိရာ AAက ဒါဇင်ကျော်ခန့်သိမ်းယူထားပြီး ကျန်တပ်ရင်းများကိုလည်း စောင့်ကြည့် ထိန်းချုပ်သည့်အနေအထားရှိနေကြောင်း သိရသည်။

အမ်းတွင်သာမက မောင်တော၌လည်း စစ်ကောင်စီက နခခ ၅မကျစေရေးလေကြောင်းမှ လက်နက်နှင့် ရိက္ခာပို့နေရပြီး အချို့အထုပ်များမှာ AAထံရောက်ရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

#အမ်း #စစ်ကောင်စီ #လေကြောင်း #လက်နက်ပို့ #AA #ကောက်ယူရရှိ #Ayeyarwaddy_Times