
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ယခုလအတွင်း လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲစစ်မှုထမ်းရန်ဆင့်ခေါ်စာများပြကာ နေအိမ်များတွင် လာရောက်ခေါ်ဆောင်နေကြကြောင်း ဒေသခံများထံက သိရသည်။
နို၀င်ဘာ ၁၈ ရက်နေ့က အမှတ် ၁၀ ရပ်ကွက် ရေအိုးစင်လမ်းတွင် နေထိုင်သော လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဆင့်ခေါ်စာကိုပြကာ ခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
“သူတို့ ပါးစပ်ထဲမှာပဲ ဥပဒေရှိတာ၊ မိဘတွေကကြိုပြီးပိုက်ဆံပေးထားတဲ့သူတွေက တစ်ခါမှ လာခေါ်မခံရဘူး။ သာမန်လက်လုပ်လက်စားအိမ်တွေက လူငယ်တွေကိုတော့ စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ချက်ခြင်း၀င်ဆွဲပြီး လုပ်ခြင်တိုင်းလုပ်နေကြတာ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာ ဒုတိယပါတ်အတွင်းတွင်လည်း ကြောင်ပန်းကုန်းကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာတွင် လူငယ်နှစ်ဦးကို စစ်မှုထမ်းဆင့်ခေါ်စာဖြင့် လာရောက်ခေါ်ယူသော်လည်း အဆိုပါလူငယ်များက ကြိုတင်ရှောင်တိမ်းသွားသောကြောင့် ကျေးရွာမှ အခြားလူငယ်များကိုအစားထိုး ခေါ်ယူရန်ပြုလုပ်နေသောကြောင့် လူငယ်အချို့ရှောင်တိမ်းခဲ့ရကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းစုဆောင်းရန် အရေးတကြီး လုပ်ဆောင်နေပြီး စစ်မှုထမ်းဥပဒေအရ လူရှာပေးရန်ပျက်ကွက်သည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှုး နှစ်ဦးကို ယခုလအတွင်း အနားပေးလိုက်ကြောင်းသိရှိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ သင်တန်း အပါတ်စဉ် ၇ အတွက် မြို့နယ် အုပ်ချုပ်ရေးမှ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်များကို ခေါ်ယူရာတွင် တိမ်းရှောင်သူများသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဖိအားပေးမှုများပြုလုပ်လာသောကြောင့် ယခုကဲ့သို့ ကြိုတင်အသိမပေးပဲ ခေါ်ဆောင်မှုများပြုလုပ် လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
#ပုသိမ်မြို့နယ် #ရေအိုးစင်လမ်း #ကြောင်ပန်းကုန်းကျေးရွာအုပ်စု #ဇရပ်ဆိပ်ကျေးရွာအုပ်စု #ကြိုတင်အကြောင်မကြားပဲ #စစ်မှုထမ်းရန်ခေါ်ဆောင် #Ayeyarwaddy_Times