ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၁ ရက်

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါ၀င်ပြီး ပြည်သူနဲ့အတူရပ်တည်နေတဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းဟာ ပြင်သစ်နိုင်ငံမှာ လာမယ့်နို၀င်ဘာ ၃၀ ရက်မှာကျင်းပမယ့် ဖျော်ဖြေပွဲတစ်ခုမှာ ပါ၀င်သီဆိုရင်း မြန်မာ့အရေးကို ပြင်သစ်ပြည်သူတွေ ပိုမိုသိရှိအောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“Asia under Influence, Asia in Resistance” ခေါင်းစဥ်နဲံကျင်းပတဲ့ အဆိုပါဂီတဖျော်ဖြေပွဲမှာ ဖြူဖြဓကျော်သိန်းဟာ သီချင်း ၃ ပုဒ်ကို ကိုယ်တိုင်တီးခတ်သီဆိုသွားမှာဖြစ်ပြီး စကားပြောခွင့်ရချိန်မှာ မြန်မာပြည်အရေးကို ပြင်သစ်ပြည်သူတွေသိရှိဖို့ ပြင်သစ်လို ပြောဆိုသွားဖို့ပြင်ဆင်ထားကြောင်း သိရပါတယ်။

“သီချင်းက ၃ ပုဒ်ပဲဆိုမှာ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပွဲ သီးသန့်မဟုတ်လို့ပါ။ တီးဝိုင်းလည်း ငှားမပေးနိုင်ပါဘူး။ ကိုယ့်ဟာကိုယ်တီးပြီးဆိုမှာ။ စကားတွေရောပြောဦးမှာလားဆိုတော့ ပြောရမှာပေါ့။ စကားပြောချင်လို့ကို ဒီလိုပွဲမျိုးတွေကို လက်ခံတာလေ။ ကိုယ့်နိုင်ငံ နာမည်ကိုတောင် မသိတဲ့သူတွေ အများကြီးရှိတဲ့ အရပ်မှာ ပြောကိုပြောရမှာပေါ့။ ခက်တာတစ်ခုကတော့ ပြင်သစ်လိုပြောရမှာ။ ပြောရဖို့လိုတယ်ဆိုတော့ ကြိုးစားပြောမှာပဲ”လို့ တေးသံရှင် ဖြူဖြူကျော်သိန်းက သူမရဲ့လူမှုကွန်ရက်ကတဆင့် ပရိတ်သတ်တွေကို ပြောဆိုပါတယ်။

ဖြူဖြူကျော်သိန်း ပို့စ်တင်ပြီး နာရီပိုင်းအတွင်းမှာပဲ အဆိုပါဖျော်ဖြေပွဲရဲ့ ကြိုတင်လက်မှတ်တွေအားလုံး ကုန်သွားတဲ့အထိ မြန်မာပရိတ်သတ်တွေက တော်လှန်ရေးတေးသံရှင် ဖြူဖြူကျော်သိန်းကို အားပေးကြကြောင်း သိရပါတယ်။

ဖြူဖြူကျော်သိန်းဟာ ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်နေ့က မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲ တစ်ခုကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ရာမှာလည်း ဗြိတိန်တင်မကဘဲ ဂျာမနီ၊ ဘယ်လ်ဂျီယံက မြန်မာ ပရိတ်သတ်တွေပါ ရုံပြည့်ရုံလျံ အားပေးခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံကျော်တေးသံရှင် ဖြူဖြူကျော်သိန်းဟာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပါ၀င် ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံနေထိုင်ရင်း တော်လှန်ရေးသီချင်းတွေ ရေးသား သီဆိုခြင်း၊ စစ်ဘေးရှောင်ရန်ပုံငွေပွဲ ဖျော်ဖြေခြင်းတွေ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ – Phyu Phyu Kyaw Thein
#Ayeyarwaddy_Times #ဖြူဖြူကျော်သိန်း