ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)လက်အောက်ခံ ခမရ ၃၇၁ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

AA သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက်နေ့က စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၇၁ကို သိမ်းယူလိုက်ပြီး နပခနှင့် ကျန်ရှိသည့်တပ်ရင်းမျာကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“နပခကို အနီးကပ်ဝင်ပစ်နိုင်တဲ့အခြေအနေကို ရောက်တော့မှာပါ။ နပခပတ်လည်စခန်းနဲ့ တပ်ရင်း အကုန်လုံးတပ်တော်က စောင့်ကြည့် ထိန်းချုပ်အဆင့်ရောက်နေပါပြီ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ် နှင့် AA သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့က စတင်ပြီး စစ်ကောင်စီ၏ ခမရ ၃၇၁ ပျဉ်းတောရွာနှင့် တပ်ထိန်းတပ်ခွဲ တထခ ၁၀ တို့ရှိရာ အောက်ရွာတို့တွင်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အပြင်းအထန်ခုခံခဲ့သည်။

စစ်ကောင်စီသည် လေကြောင်းမှနေ၍ အောက်ရွာ၊ ပျဉ်းတော်ရွာနှင့်တစ်မိုင်ကုန်းအနီးတို့ကို ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံများ ထွက်ပြေးနေရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံကာကွယ်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက် နေ့က ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် ထပခ ၉၂၆၊ တပ်ထိန်းတပ်ခွဲ တထခ ၁၀ နှင့် တစ်မိုင်ကုန်း စခန်းတို့ကို လက်လွှတ်ခဲ့ရသည်။

အောက်ရွာ၊ ဆီဆိုင်ကုန်းနှင့် လေယာဉ်ကွင်းတို့တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ လက်နက်ကြီး၊ လက်နက်ငယ်သံများ မကြားရတော့ဘဲ AAက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ၏ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းများကို AAကဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အမ်းသို့စစ်ကူပို့နိုင်သည့် မြေပြင်လမ်းကြောင်းများကို AAက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီက စစ်ကူများကို လေကြောင်းမှတဆင့် ပေးပို့နေရကြောင်း သိရသည်။

လက်ရှိတွင် AAအနေဖြင့် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့တို့တွင် စစ်ရေးဖော်ဆောင်နေပြီး စစ်ကောင်စီစခန်းအများစုကို သိမ်းပိုက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

#အမ်း #ခမရ၃၇၁ #AAသိမ်းပိုက် #စစ်ကောင်စီ #လေကြောင်းခုခံ #Ayeyarwaddy_Times