
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းသို့စစ်ကူသွားမည့် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းကို လူထုတော်လှန် ရေးမဟာမိတ်အင်အားစုမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ် ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA- Magway ထံမှ သိရသည်။
“ရခိုင် အမ်းဘက်ကို စစ်ကူသွားမယ့် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့စစ်ယာဉ်တန်းမှာ ဂျန်ဘာတွေတပ်ထားတော့ ထောင်ထားတဲ့မိုင်းတွေကမကွဲဘူး။ ယာဉ်တန်းကိုလုံခြုံရေးပေးတဲ့အဖွဲ့နဲ့ ကားပျက်ပြီးကျန်တဲ့တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ ကြတာပါ “ဟု PRA – Magway ပြန်ကြားရေးတာဝန်ခံ မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) လက်အောက်ခံတပ်များနှင့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသည့် သင်တန်းဆင်းများပါ ပူးပေါင်းထားသည့်စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်သည် လူထုတော်လှန် ရေးမဟာမိတ်အင်အားစု PRA-Magway မှ ချမှတ်ထားသည့် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှား မှုဖြစ်ပြီး ထိုမှတစ်ဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများ ကို ဖော်ဆောင်သွားမည်ဟု တပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နတ်မောက်ဘက်မှ မကွေးမြို့တွင်းကို စစ်ယာဉ်တန်း ၁၀ စီးမှ ဟွန်းများတီး ကာ ပြောင်းရွှေ့မှုများရှိနေပြီး တပ်မ ၈၈ ထဲမှလည်း စစ်ကား ခုနစ် စီးစုစုပေါင်း ၁၇ စီးခန့် ထွက်ခွာမှုရှိကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ယာဥ်တန်း ၁၁ စီးခန့်သည် ပဒါန်း-အမ်းလမ်းအတိုင်းတက်သွားပြီး စစ်ကားတစ်စီးလျှင် အင်အား ၂၅ ဦးခန့်ပါရှိကာ ကားတိုင်းတွင်ဂျန်ဘာများတပ်ဆင်ထား၍ နတ်ရေကန်သို့ ဦးတည်ချီတက်သွားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
နတ်ရေကန်တွင် ပဒါန်း-ဇီးအိုင် အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ အဖွဲ့များအများဆုံး အခြေပြုထားကြောင်း သိရသည်။
ဓာတ်ပုံ-PRA- Magway
#မကွေး #ငဖဲ #စစ်ကူစစ်ကြောင်း #လူထုတော်လှန်ရေးမဟာမိတ်အင်အားစု #PRA_Magway #ကြားဖြတ်တိုက်ခိုက် #စစ်ကောင်စီ #၉ဦးသေဆုံး #Ayeyarwaddy_Times