
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်အပြီး ရုရှားနိုင်ငံသို့ ထပ်မံသွား ရောက်ရန် ပြင်ဆင်နေပြီး ထိုခရီးစဉ်အတွင်း စစ်ရေးအပါအဝင် အကူအညီရရှိအောင် ကြိုးပမ်းလိမ့်မည်ဟု လေ့လာသူများက သုံးသပ်ပြောကြားသည်။
ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တရုတ်နိုင်ငံက ပြန်လာသည့် စစ်ခေါင်းဆောင်အတွက် ရုရှားခရီးစဉ်သည် လေးကြိမ်မြောက်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကိုလည်း ဝင်ရောက်မည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများ အကြား ထွက်ပေါ်လျက်ရှိသည့် သတင်းများအရ သိရသည်။
အပြင်းအထန် စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်တွင် စစ်လက်နက်၊ နည်းပညာ၊ လောင်စာဆီနှင့် စီးပွားရေးဆိုင်ရာ အကူအညီရရှိအောင် ကြိုးပမ်းသွားလိမ့်မည်ဟု ယေဘုယျ သုံးသပ်၍ရကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“ဒီစစ်ပွဲကို ဆက်တိုက်ခိုက်ရေးအတွက် လိုအပ်တဲ့ လောင်စာဆီတွေ ရရှိဖို့ကလည်း သူ့အတွက် အားကိုးစရာ ရုရှားပဲ ရှိတာကိုး။ အဲဒါကြောင့် စစ်လက်နက်၊ နည်းပညာနဲ့ လောင်စာကိစ္စ ရရှိဖို့အတွက် အခြေခံ အာမခံချက်ရအောင် ကြိုးပမ်းသွားလိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ထိုခရီးစဉ်အတွင်း ရုရှားနိုင်ငံအနေဖြင့် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန်နှင့် စစ်ကောင်စီအား ထောက်ပံ့ကူညီပေးရန်အတွက် အပေးအယူများလုပ်နိုင်ဖွယ်ရှိသဖြင့် စောင့်ကြည့် ရမည်ဟု တရုတ်-ရုရှား-မြန်မာအရေး လေ့လာသူများက ဆိုသည်။
စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်တွင် စစ်ရေးကိစ္စရပ်များ ဆွေးနွေးနိုင်သလို ၎င်းတို့ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် ရုရှားနှင့် ဘယ်လာရုစ်ကိုပါ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများအပြင် စစ်လော်ဘီများ၏ ပြောဆိုချက်အရ သိရသည်။
အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသို့ ဒေသတွင်း အစည်းအဝေးများ တက်ရောက်ရန် ပထမဆုံး အကြိမ် သွားရောက်ခွင့်ရခဲ့သော စစ်ခေါင်းဆောင်သည် ယင်းခရီးစဉ် မတိုင်ခင်ကတည်းက ရုရှားနိုင်ငံသို့ သွားရောက်ရန် ရှိနေသော်လည်း ယခုမှသာ ပြန်လည်စီစဉ်ဖြစ်ကာ ရက်ကာလကိုမူ မသိရှိရသေးပေ။
ယင်းအပြင် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ရင်း နောက်ဆုံးတွင် သမ္မတ ဗလာဒီမီယာ ပူတင်နှင့်ပါ တွေ့ဆုံခွင့်ရခဲ့သော စစ်ခေါင်းဆောင်သည် ယခုခရီးစဉ်အတွင်း ရုရှားသမ္မတနှင့် ထပ်မံတွေ့ခွင့် ရမရကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #စစ်ရေးကိစ္စ #ရုရှား #ထပ်မံသွားရောက် #Ayeyarwaddy_Times