ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ရက်

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့တိုက်ပွဲမှာ တောင်ကုတ်မြို့တွင်းထိ ရောက်ရှိလာပြီးနောက် စစ်ကောင်စီက ရဲစခန်းအချုပ်မှ အကျဉ်းသားများကို နေရာပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ရက်နေ့က တောင်ကုတ်မြို့ ရဲစခန်းအတွင်း ချုပ်နှောင် ထားသော အကျဉ်းသားများကို စစ်ကားဖြင့် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ရဲအချုပ်ကနေ အကျဉ်းသား အားလုံးနီးပါးကို ခေါ်သွားတယ်။ စကခ ၅ထဲခေါ်တယ်လို့ ကနဦးသိထားပါတယ်။ လူသားဒိုင်းကာလုပ်ဖို့လား။ ဘာလုပ်ပစ်မလို့လဲ မသိရလို့ မိသားစုဝင် တွေကတော့ စိုးရိမ်နေပါတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ တောင်ကုတ်မြို့ဝန်းကျင်ရှိ အဓိကတပ်စခန်းဖြစ်သည့် ပန်းမြောက်တောင်အမြောက် စခန်း၊ လက်နက်ကြီးတပ်ဆင်ပြီး အင်အားအများအပြားတပ်စွဲထားသည့် တောင်ကုတ်တက္ကသိုလ်နှင့် လုံခြုံရေးဂိတ်စခန်း၊ ကိုင်းရှည်တံတားဂိတ်စခန်းတို့ကို AAက သိမ်းပိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီ တပ်များကို ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

AA သည် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၅၄၄နှင့် စကခ ၅တို့ကိုပါထိုးစစ်ဆင်နေသည့်အတွက် အကျဉ်းသားများကို တပ်အတွင်းခေါ်ဆောင်ကာ ဓားစားခံပြုလုပ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် မြောက်ဦးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ကလည်း မြောက်ဦးအချုပ်အတွင်း ဖမ်းဆီးထားသည့် အချုပ် သား ခုနစ် ဦးကို မြောက်ဦး ခမရ ၃၇၈ အတွင်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် ဇန်နဝါရီလအတွင်းတွင် သတင်းထောက် ကိုဖိုးသီဟ အပါအဝင် အချုပ်သား ခုနစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ဗုံးခိုကျင်းအတွင်း မြှုပ်နှံခဲ့ကြောင်း AA ကဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံ့ပန်းများက ဝန်ခံထွက်ဆိုခဲ့သည်။

အလားတူပင် ရသေ့တောင်နှင့် မင်းပြားမြို့သိမ်းတိုက်ပွဲများတွင်လည်း အကျဉ်းသားများကို စစ်ကောင်စီက စခန်းမစွန့်ခွာခင် သတ်ဖြတ်ပစ်ခဲ့မှုများရှိခဲ့၍ တောင်ကုတ်ရဲစခန်းအတွင်းမှ တပ်အတွင်း သို့ ပြောင်းရွှေ့ဖမ်းဆီးခေါ်ဆောင်ခံရသည့် အချုပ်သားများ၏ မိသားစုဝင်များမှာ အထူးစိုးရိမ်လျက် ရှိကြောင်း သိရသည်။

#တောင်ကုတ် #စစ်ကောင်စီ #အချုပ်သား #ဓားစာခံ #တပ်အတွင်း #ခေါ်ဆောင် #ချုပ်နှောင် #Ayeyarwaddy_Times