
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေအရ လူရှာပေးရန်ပျက်ကွက်သည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှုးနှစ်ဦးကို ယခုလအတွင်း အနားပေးလိုက်ကြောင်း ထွေအုပ်အသိုင်းအဝိုင်းမှ သိရသည်။
ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝေကျော်မိုးနှင့် ကြက်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့နှစ်ဦးအား တာ၀န်မှ ရုတ်သိမ်းလိုက်ပြီး အခြားသူများကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။
“ခုဖြုတ်လိုက်တဲ့သူတွေကလည်း စစ်ကောင်စီထောက်ခံတဲ့အမာခံတွေ ကြံခိုင်ရေးပါတီ၀င်တွေပါပဲ။ သူတို့စိတ်ကြိုက်ခန့်အပ်ထားတာ သူတို့က စစ်မှုထမ်းခေါ်တဲ့ ခြောက်ကြိမ်မှာ တစ်ကြိမ်ပဲ လူပေးနိုင်တယ်ဆိုပြီး ဖြုတ်ပစ်လိုက်တာ”ဟု ထွေအုပ်၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းဟောင်းဖြစ်သော ဦးထွန်းအေးကို အစားထိုးခန့်အပ်ထားပြီး ကြက်ပေါင်ကျေးရွာအုပ်စုတွင်လည်း ကြံခိုင်ရေးပါတီ၀င် မောင်ဌေးဆိုသူအား အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
အဆိုပါအုပ်ချုပ်ရေးမှူးအသစ်များသည် စတင်တာ၀န်ထမ်းဆောင်သည့် ရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီအလိုကျ စစ်မှုထမ်းရန်လူငယ်များကို မဲနိူက်ရန်ပြင်ဆင်ခြင်းနှင့် စစ်မှုထမ်းထောက်ပံ့ရန်အတွက် ငွေကောက်ခံရန် အစည်းအဝေးခေါ်ခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
#ပုသိမ်မြို့နယ် #စစ်မှုထမ်း #လူရှာမပေးနိုင် #ကျေးရွာအုပ်ချုပ်ရေးမှူး၂ဦး #အနားပေးခံရ
#Ayeyarwaddy_Times