ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

အာရက္ခတပ်တော်(AA) ဖမ်းဆီးထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဦးအေးကျော် သည် တစ်လကျော်ကြာသည့်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုဝင်နှင့်နီးစပ်သူထံက သိရှိရသည်။

ဒေါက်တာဦးအေးကျော်နှင့်အတူ အမျိုးသားနှစ်ဦးကို AA မှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့ကို ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ မိသားစုဝင်များနှင့် အဆက်အသွယ်မရကြောင်း သိရသည်။

“ဘယ်မှာဖမ်းဆီးထားလဲဆိုတာပဲ သိရတယ်။ လူတွေ့ဖို့ကျတော့ မပေးဘူး။ ဖမ်းဆီးတဲ့အကြောင်းအရင်းကို သေချာမပြောပြတော့ မသိရသေးဘူး။ အချုပ်ခန်းထဲမှာ ဘယ်လိုနေထိုင်စားသောက်လဲ၊ အဆင်ပြေလားဆိုတာကအစ မသိရဘူးပေါ့။ စိတ်လည်းပူတယ်။ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်
တယ်” ဟု ဒေါက်တာဦးအေးကျော်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ရက်ရှည်ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် ဒေါက်တာဦးအေးကျော်၏ အသက်အန္တရာယ်နှင့်ပတ်သက်၍ မိသားစုဝင်ဆွေမျိုးများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

ဒေါက်တာဦးအေးကျော်သည် ပလက်ဝမြို့တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်၍ စီးပွားရေးပြေလည်သူဖြစ်သလို ဘာသာရေးနှင့် လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည့်အတွက် လူသိများသူလည်းဖြစ်သည်။

“ဒေါက်တာဦးအေးကျော်က ဘာသာရေး၊ လူမှုရေးကလွဲပြီး အရင်ကတည်းကနေ ဘယ်နိုင်ငံရေးလှုပ်ရှားတဲ့ထဲ ပါဝင်ပတ်သက်ဖူးတာမရှိဘူး။ အဲ့ဒီလို ပုဂ္ဂိုလ်တစ်ဦးကို ဘာအတွက်
ဖမ်းတာလဲဆိုတာ ပြောပြမတက်ဘူး။ ဖမ်းတယ်ဆိုရင်တောင် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးသင့်တယ်ပေါ့လေ။ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးသင့်တယ်” ဟု ပလက်ဝမြို့နယ်မှ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံရေးရပ်တည်ချက် မတူညီသည့် အရပ်သားများကို ဖမ်းဆီးခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့်မညီပဲ လူ့အခွင့်ရေးချိုးဖောက်ခြင်းဖြစ်သည့်အတွက် အပြစ်ရှိကြောင်း India For Myanmar တည်ထောင်သူက ဆိုသည်။

“အရပ်သားတစ်ယောက်ယောက်ကို ဖမ်းဆီးပြီဆိုကတည်းက ဒါလုံးဝအပြစ်ရှိပြီ။ နိုင်ငံတကာဥပဒေအရ လူ့အခွင့်ရေးချိုးဖောက်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးရပ်တည်ချက်မတူညီလို့ ထောက်ခံအားပေးရုံလောက်နဲ့ ဖမ်းဆီးထိန်းသိမ်းသတ်ဖြတ်လို့ မရဘူး။ နိုင်ငံရေးရပ်တည်ချက် မတူညီတဲ့ဟာက ကြီးလေးတဲ့အပြစ်မဟုတ်တဲ့အတွက် ဒီဖမ်းဆီးမှုဟာ လူ့အခွင့်ရေးချိုးဖောက်တာဖြစ်တယ်” ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလတွင်း ဒေါက်တာအေးကျော်အပါဝင် CDF/CNA ထောက်ခံအားပေးသည်ဟုစွပ်စွဲချက်ဖြင့် အရပ်သား ၃၀ နီးပါးကို AA က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ပလက်ဝမြို့နယ်တွင် အရပ်သားဖမ်းမှုနှင့်ပတ်သက်၍ AA ဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပဲ ယခုသတင်းဖော်ပြရာတွင်လည်း AA ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်၍ မရသေးသည့်အတွက် AA ဘက်မှ သဘောထားအမြင်ကို ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိသေးပေ။

ပုံစာ – ပလက်ဝမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဦးအေးကျော်ကို တွေ့ရစဥ်။(ပေးပို့)

#AA #ဖမ်းဆီးထား #ပလက်ဝမြို့ #ပြည်သူ့ဆေးရုံတာဝန်ခံ #ဒေါက်တာဦးအေးကျော် #တစ်လကျော်ကြာအထိ #ပြန်မလွတ်သေး #Ayeyarwaddy_Times