
ဧရာဝတီတိုင်းမ်
(မန္တလေး)၊ နိုဝင်ဘာ ၂၁ ရက်
မန္တလေးတိုင်း၊ မန္တလေးဗဟို အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ဖြစ်သူ မန္တလေးနိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုစိန်လင်း(ခ) ကိုအငယ်လေးမှာ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် ပြင်ပဆေးရုံ၌ ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
အသက် (၅၈) နှစ် အရွယ် ကိုစိန်လင်းမှာ ကျန်းမာရေးမကောင်းသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ မန္တလေးထောင်မှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ တက်ရောက် ဆေးကုသမှုခံယူ နေစဉ် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ကိုအငယ်လး(ခ) ကိုစိန်လင်းမှာ လက်ရှိကာလ တော်လှန် ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၁(ဂ) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူတစ်ဦး ဖြစ်ကာ ယခင်စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
“ထောင်တွင်းမှာ အကျဉ်းကျခံနေရတဲ့သူတွေဟာ မတရားလည်းဖမ်းဆီးချုပ်နှောင်ခံထားရသေးတယ်။ ကျန်းမာရေးကိုလည်းသေသေချာချာကုသခွင့်မရဘူး။ ဒီလိုအခြေအနေကြောင့် ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေခပ်စိတ်စိတ်ကျဆုံးလာတယ်။ ဒါကစိုးရိမ်စရာလည်းကောင်းတယ်။ စိတ်ပူစရာလည်း ကောင်းတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုစိန်လင်း ၏ နာရေး အခမ်းအနားကို လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီတွင် အေးရိပ်ငြိမ်သုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်ကြောင်းလည်း နီးစပ်သူများထံက သိရသည်။
ကိုအငယ်လေးမှာ ရှစ်လေးလုံး အရေးတော်ပုံတွင်လည်း ပါဝင်ခဲ့ပြီး ဘွဲ့ရဒီမိုကရက်တစ်ကျောင်းသားဟောင်းများးအဖွဲ့(GOSDA)တွင်လည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့နှင့် ချိတ်ဆက်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့၍ ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်ခံခဲ့ရကြောင်းသိရသည်။
ထို့ပြင် ထောင်မှလွတ်လာပြီး နောက်ပိုင်းတွင်လည်း အလုပ်သမားရေးလှုပ်ရှားမှုများ၊ မြေယာပြသနာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချမ်းအေးသာစံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ “ပြည်သူ့ပါတီ” ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ ကြောင်းလည်း သိရသည်။
ယခုအခါ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုံလောက်စွာရရှိခြင်းမရှိပဲ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသစဉ် နိုင်ငံ ရေးအကျဉ်းသားများ သေဆုံးမှုများ ဆက်တိုက်ဖြစ် ပေါ်လျက်ရှိသည်။
အိုးဘိုထာင်မှ မန္တလေးဆေးရုံကြီးသို့ တက်ရောက် ဆေးကုသခဲ့ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇာ်မြင့်မောင်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး အလားတူ ဆေးကုသမှုခံယူခဲ့ရသည့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်မှာလည်း နိုဝင်ဘာ ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အိုးဘိုထောင် #မန္တလေး #နိုင်ငံရေးအကျဉ်းသား #သေဆုံး #Ayeyarwaddy_Times