
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးများက အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများထံက သိရသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး အဆိုပါမြို့နယ်များတွင် ငွေကြေးတောင်းခံမှုများကို ယခင်ကထက် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
“ပထမတုန်းက စစ်မှုထမ်းတွေ စခေါ်တုန်းက မဲနှိုက်ခိုင်းတယ်၊ ခုနောက်ပိုင်းမဲမနှိုက်ခိုင်းတော့ဘူး၊ ကြုံရာခေါ်တယ်။ လူငယ်တွေကို စစ်မှုထမ်းထဲထည့်ပေးနေပေမယ့်လည်း လူစားထိုးရမယ်၊ စစ်မှုထမ်းတွေကို ထောက်ပံ့ရမယ်ပြောပြီး ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ပိုက်ဆံတောင်းနေကြတာ၊ ခုနောက်ပိုင်းအတော်လေးဆိုးလာတယ်” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းရှိ အဆိုပါ စစ်ကောင်စီကခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ခြိမ်းခြောက်ကာ ငွေများတောင်ယူပြီး စီးပွားဖြစ်နေကြကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က ပုသိမ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုပြုလုပ်ခဲ့သည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သည်။
ထို့အပြင် စစ်မှုထမ်းအတွက် လူမပေးနိုင်သည့် ပုသိမ်မြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးကိုလည်း ဖြုတ်ပစ်ခဲ့ကြောင်း သိရသည်။
င်္ဟသာတမြို့နယ်အုပ်ချုပ်ရေးမှူးကလည်းပြည်သူ့စစ်မှုထမ်း သင်တန်းသားမပေးနိုင်သည့် ရပ်ကွက်များကို ကျပ်ငွေသိန်းသုံးဆယ်ကျော် တောင်းယူခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများထံက သိရသည်။
#ဧရာဝတီတိုင်း #မြို့နယ်များအားလုံး #စစ်မှုထမ်းအကြောင်းပြ #စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူးများ #ငွေတောင်းယူမှု #ပိုမိုလုပ်ဆောင်လာ #Ayeyarwaddy_Times