နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

စစ်ကောင်စီကို အထိနာ စစ်ရှုံးစေသော မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များအပေါ် တရုတ်နိုင်ငံ၏ ဖိအားများ ပြင်းထန်လာချိန် စစ်ခေါင်းဆောင်က တရုတ်အစိုးရသည် ၎င်းတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေဟု နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ဒုစစ်ခေါင်းဆောင်၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် နိုဝင်ဘာ ၁၉ ရက်က အစည်းအ ဝေးပြုလုပ်ခဲ့ပြီး ၎င်းသွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်၍ စစ်ကောင်စီက စီမံခန့်ခွဲ အုပ်ချုပ်မှုများ အပါအဝင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်နေဟု စစ်ခေါင်းဆောင်၏ ပြောဆိုချက်အရ သိရသည်။

“သံတမန်ရေးမှာ နိုင်ငံတစ်ခုကို ပုံအပ် အားကိုး ထားသလိုပါပဲ။ နိုင်ငံရေးမှာ အပေးအယူ ရှိပါတယ်။ တရုတ်က more investment (ရင်းနှီးမြုပ်နှံမှုပိုများ) လာမယ်။ တရုတ်က မြန်မာခေါင်းဆောင်မှုကို ပြောင်းစေချင်တာ။ အနည်းဆုံးတော့ ရွေးကောက်ပွဲ ဖြစ်ရလုပ်ရမယ်” ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်ခွင့်ရခဲ့သော ၎င်းခရီးစဉ်မှာ အပြုသဘောဆောင်၍ အောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ရရှိခဲ့သလို တရုတ်ဝန်ကြီးချုပ် လီချန်းနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ကြောင်း နေပြည်တော် အစည်းအဝေးတွင် ပြောဆိုသည်။

စစ်ခေါင်းဆောင်၏ ယခုပြောဆိုချက်သည် တရုတ်အစိုးကို မြန်မာပြည်သူ မုန်းတီးအောင်၊ အထူးသဖြင့် ၎င်းတို့ လက် အောက်ခံတပ်များ အားတက်အောင် ပြောခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။

“တရုတ်လိုချင်တဲ့ ရွေးကောက်ပွဲနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ သဘောသဘာဝချင်း နည်းနည်းကွာတယ်။ တရုတ်က သက်ဆိုင်သူတွေ အားလုံးပါတဲ့ ရွေးကောက်ပွဲလို့ ပြောထားတာကိုး” ဟု ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပိုပိုနီးကပ် ဆက်ဆံလာသော တရုတ်အစိုးရသည် ရှမ်းမြောက်၊ ကချင်၊ ရခိုင်နှင့် မန္တလေးတို့တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များက စစ်ရေး၊ စီးပွားရေးအရ အရေးပါသောမြို့နှင့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအပေါ် ဖိအားပေး ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။

တရုတ်အစိုးရသည် အောက်တိုဘာ ၁၈ ရက်မှစတင်၍ မြန်မာ-တရုတ် နယ်စပ်ဂိတ်များအနက် ၁၄ ခုထက်မနည်းကို ကာလအကန့်အသတ်မရှိ ပိတ်ဆို့ထားလိုက်ပြီး EROs များအပေါ်လည်း ‘ဖြတ်ငါးဖြတ်’ အဖြစ် လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ထောက်ပို့နှင့် လူအင်အားများ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် လားရှိုးမြို့အား စစ်ကောင်စီထံ ပြန်ပေးအပ်ရန် ဖိအားပေးသည့်အနေဖြင့် တရုတ်အစိုးရက ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဦဆောင်ဖော်ခဲ့သည့် ကိုးကန့်တပ် (MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ချ ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရုတ်အစိုးရက ငြင်းဆိုထားသည်။

သို့သော် စစ်ကောင်စီ၏ တစ်ဖက်သတ် လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်နေမှုကိုမူ တရုတ်အစိုးရက နှုတ်ဆိတ်နေသောကြောင့် ထိုသို့ဖြစ်လာရခြင်းသည် ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် စစ်ခေါင်းဆောင် သွားရောက်ခဲ့သော တရုတ်ခရီးစဉ်ကြောင့်ဟု စစ်တပ်ထောက်ခံသူလော်ဘီများက ဝါဒဖြန့်လျက် ရှိသည်။

“အခုချိန်မှာ တရုတ်ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်၊ မုန်းတဲ့စိတ်ဓာတ် တိုးအောင် လုပ်တာဟာ စစ်ကောင်စီ ကို ထွက်ပေါက်ပေးနေတာပဲ။ စစ်ကောင်စီကလည်း အဲဒီလမ်းမျိုး ရောက်အောင် ဝိုင်းကြိုးစားနေတယ်” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

စစ်ကောင်စီသည် စစ်ရေးအရ ကြီးကြီးမားမားရှုံးနိမ့်နေသည့်အတွက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်မှုများအပြင် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များ စိုးမိုးထိန်းချုပ် ထားသည့် ဒေသများသို့လာသော အဓိကကုန်စည် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#မြောက်ပိုင်းအဖွဲ့များ #တရုတ်ဖိအားပြင်းထန် #စစ်ခေါင်းဆောင် #တရုတ်အစိုးရသည် #ပြတ်ပြတ်သားသားရပ်တည် #Ayeyarwaddy_Times