
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်ရောက်ရှိလာသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ဘေးရှောင်များသည် အခြေခံစားသောက်ကုန်နှင့် နေအိမ်ငှားရမ်းခ မြင့်တက်သည့်အတွက် စားဝတ်နေရေးကျပ်တည်းလာကြောင့် စစ်ဘေးရှောင်များထံက သိရှိရသည်။
ဖလမ်းမြို့သိမ်း တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အနက် တစ်ထောင်ကျော်သည် ကလေးမြို့သို့ရောက်ရှိလာပြီး အဆိုပါ စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် အကူအညီများလည်း လိုအပ်နေခြင်းဖြစ်သည်။
“ဆွေမျိုးအသိတွေရှိတဲ့သူတွေဆို အမျိုးတွေအိမ်မှာနေကြတယ်။ ဆွေမျိုးအသိတွေမရှိတဲ့သူတွေက အိမ်တွေ၊ အခန်းတွေ ငှားရမ်းပြီးနေကြတယ်။ အိမ်ငှားနေတဲ့သူတွေက အိမ်လခနဲ့ ကုန်စျေးနှုန်းတွေကြောင့် စားဝတ်နေရေးပိုကျပ်တည်းကြတယ်” ဟု ဖလမ်းစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့နယ် ကျေးရွာများမှ စစ်ဘေးရှောင်များအပြင် ဖလမ်း၊ တီးတိန်၊ ဟားခါး၊ တမူး စသည့်မြို့နယ်များမှ ပြည်သူများ စစ်ဘေးရှောင်လာကြသည့်အတွက် ကလေးမြို့တွင် အိမ်နှင့် အခန်းငှားရမ်းခ မြင့်တက်နေကြောင်း သိရသည်။
ထို့အပြင် ကလေးမြို့အဝင်ဂိတ်ဖြစ်သည့် စစ်ကောင်စီတပ်၏ ဆည်ကြီးဂိတ်တွင် ကုန်တင်ကားနှင့် ကုန်ပစ္စည်းများ သယ်ယူခြင်းကန့်သတ်ထားခြင်းနှင့်အတူ တန်ဆာခမြင့်တက်ခြင်းတို့ကြောင့် ကလေးမြို့တွင် အခြေခံစားသောက်ကုန်များမြင့်တက်ရခြင်းဖြစ်သည်။
“ကုန်စိမ်းတွေ၊ ကုန်ခြောက်တွေ တင်သွင်းတဲ့အခါ ဆည်ကြီးဂိတ်မှာ စစ်သားတွေ အရမ်းရစ်တယ်။ စစ်ဆေးခံရတယ်။ အချိန်ကလည်းကြန့်ကြာတယ်။ ကုန်စိမ်းတွေကအချိန်ကြာကြာထားလို့ မရဘူး။ အဲ့လိုဆိုတော့ စစ်သားတွေဆီငွေပေးရတယ်။ ငွေပေးမှကားမြန်မြန်
လွှတ်ပေးတယ်။ အဲ့တော့ တန်ဆာခကလည်း စျေးတက်သွားတာပေါ့”ဟု ကလေးမြို့ ကုန်စိမ်းသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ကလေးမြို့တွင် ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်း တပိဿာ ၁၂,၀၀၀ ကျပ်၊ အသား တပိဿ ၃၀,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ခရမ်းသီး တပိဿ ၈,၀၀၀ ကျပ်အထိ စျေးနှုန်းရှိကြောင်း သိရှိရသည်။
ပုံစာ – ကလေးမြို့ တာဟန်းစျေးကို တွေ့ရစဥ်။(CJ)
#ကလေးမြို့ #ဖလမ်း #စစ်ဘေးရှောင် #စားဝတ်နေရေး #ကျပ်တည်း #Ayeyarwaddy_Times