နိုရာ/ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
“သွေးတွေ။ သွေးတွေနဲ့ ပြည့်လုလုဖြစ်နေတဲ့ ဇလုံထဲမှာ သားဖြစ်သူရဲ့ အင်္ကျီလေး။ အဲဒီ့သွေးတွေကို သွန်ပေးတဲ့၊ အင်္ကျီကတော့ အမှတ်တရသိမ်းချင်လည်း သိမ်းထားတဲ့။ ဒီလောက်များတဲ့သွေးတွေ။ သားခန္ဓာကိုယ်ထဲ သွေးရော ကျန်ပါတော့မလား။ ဇလုံကိုကိုင်ရင်း ငိုလို့မရတော့တဲ့အထိ တုန်လှုပ် သွားခဲ့ရပါတယ်” လို့ ဒေါ်မြနှစ် က ဆိုပါတယ်။
အသက်မပြည့်သေးတဲ့ သားဖြစ်သူကို စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ လာရောက်တွေ့ဆုံတိုင်း ဒေါ်မြနှစ် တွေ့ရတာက သွေးစွန်းနေတဲ့ အင်္ကျီကို သွေးနဲ့ရေတွေ ပြည့်လုပြည့်ခင်ဖြစ်နေတဲ့ ဇလုံတစ်လုံးထဲ နှစ်ပြီး လာပေးတာကိုပါ။
လက်လုပ်မိုင်းအချို့နဲ့အတူ အဖမ်းခံလိုက်ရတဲ့ သားဖြစ်သူကို ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီရဲ့ ယာယီစစ်ကြောရေးစခန်းရှေ့မှာ နေ့စဉ်လာ တွေ့နေရတယ်လို့ ဒေါ်မြနှစ်က ပြောပါတယ်။
စစ်ကြောရေး တာဝန်ရှိသူတွေက သားဖြစ်သူ အဖမ်းခံထားရတဲ့ စစ်ကြောရေးဆီကို နေ့စဉ် နေ့စဉ်မပျက် မကွက်လာဖို့ လာဒေါ်မြနှစ်ကို ခိုင်းစေထားတာ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မြနှစ်မှာ အသက် ၁၆ နှစ်သာရှိသေးတဲ့ သားလေးတစ်ဦးသာရှိတာပါ။ ဒေါ်မြနှစ်ရဲ့ သားငယ်ဟာ မိခင်ဖြစ်သူနဲ့အတူ ကွန်တင်နာကျ ဘေထုတ်အထည်တွေကို ကူရောင်း၊ ဂိမ်းဆော့နေတဲ့ လူငယ်လေးတစ်ဦးအဖြစ်ကနေ ခေတ်တာဝန်ကို ဝင်ရောက်ထမ်းလိုက်တာပဲ ဖြစ်ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားပြီး မြို့ထဲမှာတင် စစ်ကြောရေးစခန်းဖွင့်ကာ အော်ဟစ်နာကြင် ညည်းညူ သံတွေကို ဘေးပတ်ဝန်ကျင်ကြားအောင် နှိပ်စက်နေတဲ့ စစ်ကြောရေးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လက်လုပ်မိုင်းနဲ့ဖောက်ဖို့ မိုင်းထောင်နေစဉ်မှာ ဒေါ်မြနှစ်ရဲ့သားနဲ့ သားရဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ လက်နက်နဲ့တကွ ဖမ်းမိခြင်း ခံခဲ့ရတာပါ။
သားအမိနှစ်ဦးသာရှိတာမို့ သားငယ်ဖြစ်သူကအိမ်မှာပဲ လက်လုပ်မိုင်းလုပ် လက်လုပ်သေနတ်တွေ လုပ်နေတာ ဒေါ်မြနှစ်မြင်နေခဲ့ပါတယ်။
အဲဒီ့လုပ်ရပ်တွေကို မြင်လျက်နဲ့ မတားဆီးခဲ့တဲ့အပြစ်အတွက် သားကိုရိုက်နှက်နှိပ်စက်ထိုးခုတ်လို့ ထွက်လာတဲ့ သွေးတွေကို ဇလုံနဲ့ခံ သတိလစ်နေတဲ့သားကို ရေတောက်ပေးပြီး ပြန်သတိရရင် ပြန်နှိပ်စက်နဲ့ သွေးနဲ့ရေရောနေတဲ့ ဇလုံကို စစ်ကြောရေးက ငရဲသားထက်ဆိုးတဲ့တပ်ဖွဲ့ဝင်တွေက ဒေါ်မြနှစ်ကို နေ့စဉ်သွန်ခိုင်း ပါတယ်။
“အဲဒါ ခင်ဗျားသားကို ထုနှက်ထားလို့ ထွက်လာတဲ့သွေးတွေ၊ မြှောက်ပေးတုန်းက မြှောက်ပေးပြီး ကိုယ့်သားသမီး ကိုယ်မထိန်းလို့ဖြစ်တာ။ နေ့တိုင်းလာခဲ့.. ခင်ဗျားမလာတဲ့နေ့ ခင်ဗျားသားသေတဲ့နေ့” လို့ စစ်ကြောရေးက ငရဲသားတွေက အမေ့ကိုပြောပါတယ်လို့ ဒေါ်မြနှစ်က ထုတ်ပြောပါတယ်။
စစ်ကြောရေးကို ဒေါ်မြနှစ်ရဲ့ သားဖြစ်သူနဲ့ သူငယ်ချင်းတို့နှစ်ဦး အတူရောက်လာပေမယ့် သူငယ်ချင်း ဖြစ်သူက ရဲအမှုဖွင့်စာနဲ့ အသက်မပြည့်သေးတဲ့အတွက် အင်းစိန်ထောင်ကနေတဆင့် လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းကို အပို့ခံလိုက်ရပါတယ်။
“အမေ့သား စစ်ကြောရေးမှာ တစ်လကျော်ကြာတယ်။ အဲဒီ့ကာလအတွင်း အမေတစ်ရက်မှမပြတ်ခဲ့ပဲ သူတို့ရဲ့ ယာယီစစ်ကြောရေးစခန်းကိုလာတယ်။ အမေ့သားမျက်နှာကို အမေတစ်ချက်လေးတောင် မြင်ခွင့်မရဘူး။ အမေမြင်ရတာ အဲဒီ့ သွေးဇလုံပဲ” လို့ ဒေါ်မြနှစ်က ပြောပါတယ်။
မနက်ခင်းမိုးလင်းမှာကိုတောင်ဒေါ်မြနှစ်မှာ ကြောက်လန့်နေပြီး သားဆီကရလာတဲ့ သွေးစိုနေတဲ့ အဝတ်တွေကိုလည်း မလျှော်နိုင်ရှာပါဘူး။ ကျွတ်ကျွတ်အိတ်လေးနဲ့ ထုတ်ယူလာတဲ့ သွေးစွန်းအဝတ် လေးကို မြေကြီးထဲမြှုပ်ပစ်ရရှာပါတယ်။
“အမေလေ မိုးလင်းမှာ တအားကြောက်တာ။ သွေးဇလုံကြီးထိုးပေးလိုက်မှာ အမေဘယ်လိုမှ မခံစားနိုင်ဘူး။ စစ်သားတွေရှေ့ မျက်ရည်မကျအောင် ထိန်းထားပေမယ့် တကယ့်အပြင်မှာ အမေလေ ရင်ဘက်စည်တီး အော်ငိုချလိုက်ချင်တာပါပဲ” လို့ ဒေါ်မြနှစ်က ပြောပါတယ်။
ဖမ်းဆီးနှိပ်စက်ပြီး တစ်လကျော်အကြာမှာတော့ တရားစွဲဆိုဖို့ ရဲစခန်းအပ်မယ်။ ထောင်ကိုပို့မယ်။ အသက်မပြည့်သေးတဲ့အတွက် လူငယ်လေ့ကျင့်ရေးကို ပို့မယ်။ အဲဒါမှ ခင်ဗျားသား သက်သာမယ်။ အဲဒီ့ အစီအစဉ်တွေလုပ်ဖို့ သိန်းတစ်ရာရှာခဲ့ရမယ်လို့ စစ်ကြောရေး တာဝန်ရှိသူတွေက ဒေါ်မြနှစ်ကို အေးဓားမြ တိုက်ပါတော့တယ်။
ပိုက်ဆံအပိုမရှိတဲ့ ဒေါ်မြနှစ်ဟာ အိမ်ကိုရောင်းပြီး ငွေကျပ်သိန်းတစ်ရာကို အဲဒီ့ စစ်ကြောရေး စခန်းတာဝန်ရှိသူထံပေးအပ်လိုက်ရပါတယ်။
ငွေပေးပြီးပေမယ့် နောက်တစ်ပတ်ကျော်ကြာတဲ့အထိ ဒေါ်မြနှစ်ဟာ သူ့သားမျက်နှာကို မမြင်ရ ရှာပါဘူး။ စစ်ကောင်စီတပ်သားတွေဟာ ဒေါ်မြနှစ်ရဲ့သားအမှုဟာ ကြီးလေးတဲ့အတွက် နောက်ထပ် သိန်း ငါးဆယ်ပေးရမယ်လို့ ထပ်တောင်း ပြန်ပါတယ်။
သားရဲ့ တရားလွန် နှိပ်စက်ညှဉ်းပန်းခံရတဲ့ အဖြစ်ဆိုးကလွတ်ဖို့ဆို ဘယ် လောက်ကုန်ကုန် ထုတ်ပေး တော့မယ့် ဒေါ်မြနှစ်ဟာ နောက်ထပ် သိန်းငါးဆယ်ကိုလည်း လက်မတွန့်ဘဲ ပေးခဲ့ရပြန်ပါတယ်။
“နောက်ဆုံးတော့ အမေ့သားမျက်နှာ အမေမြင်ခွင့်ရခဲ့တယ်။ ရဲအချုပ်မှာ ရက်ပိုင်းပဲထားပြီး အင်းစိန်ပို့တယ်။ ကလေးရဲ့ ခြေသလုံးရိုးက သေနတ်နဲ့ပစ်ချိုးထားလို့ ကျိုးနေတယ်။ ဆေးကုခွင့် လချီမရလို့ အခြေအနေတော်တော်ဆိုးတယ်” လို့ဒေါ်မြနှစ်ကပြောပါတယ်။
ဒေါ်မြနှစ်ရဲ့ သားဖြစ်သူ ခြေထောက်ဟာ ခွဲစိတ်ပြီး ကျောက်ပတ်တီးကိုင်ပေးရင် သက်သာမှာ မြန်ပေမယ့် စစ်ကောင်စီက ဆေးကုသခွင့်ကို ကန့်သတ်ပြီး ကျောက်ပတ်တီးကိုင်ခွင့်ကို ပယ်ချလိုက်ပါတယ်။
“ကျောက်ပတ်တီးကိုင်ရင် လူတွဲရှိမှဖြစ်မယ်။ ထောင်ထဲကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုပြီး ကျောက်ပတ် တီး မကိုင်ရတော့ ခြေထောက်ကပြန်ကောင်းလာရင်တောင် ထော့သွားမယ်လို့ သိရတယ်” လို့ ဒေါ်မြနှစ်က ပြောပါတယ်။
ဒေါ်မြနှစ်ရဲ့ သားဖြစ်သူကို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေထားတဲ့နေရာကိုမပို့ဘဲ မုဒိမ်း သမားနဲ့ လူသတ်မှုနဲ့ ကျလာသူတွေဆီမှာ အတူချုပ်နှောင်ထားခဲ့ပါတယ်။
“သားကို မုဒိမ်းကျင့်အောင် နိုင့်ထက်စီးနင်း နှိပ်စက်မှုပြုအောင် တကယ့် ပြစ်မှုဆိုးနဲ့ ကျလာသူတွေနဲ့ အတူထားတယ်။ ကလေးရဲ့ကံလို့ပြောရမယ်။ အထဲကလူတွေက စောင့်ရှောက်ကြပါတယ်” လို့ ဒေါ်မြနှစ်ကဆိုပါတယ်။
လုပ်ထုံးလုပ်နည်းအရ အသက်မပြည့်သေးတဲ့ လူငယ်အကျဉ်းသားတွေကို လူငယ်လေ့ကျင့်ရေးကြောင်း ပို့ရမှာ မှန်ပေမယ့် ဒေါ်မြနှစ်ရဲ့ သားကိုတော့ ၅၀(ည)၊ ၅၂(က) စတဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ အင်းစိန်ထောင်ထဲ ပို့ခဲ့တာပါ။
“အမေနားမလည်ဘူး။ သူတို့ဘာလို့ ပြည်သူတွေအပေါ်ဒီလောက်ရက်စက်ကြသလဲဆိုတာကိုလေ။ သားကို လက်နက်နဲ့မိတယ်။ ဖမ်းရမယ်။ အရေးယူရမယ်။ အမေလက်ခံတယ်။ ဒါပေမယ့် သားကို နှိပ်စက်လို့ ထွက်လာတဲ့ သွေးတွေကို အမေဖြစ်သူကို သွန်ခိုင်းတာတော့ လူမဆန်ရာ ကျလွန်းပါတယ်” လို့ ဒေါ်မြနှစ်ကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဖက်ဆစ်စနစ်ကို တိုက်ရိုက်အမွေဆက်ခံလာတဲ့အတွက် နှိပ်စက်ညှဉ်း ပန်းခြင်းနဲ့ မိသားစုကို စိတ်ဒဏ်ရာပေးတဲ့အလုပ်ဟာ သူတို့အတွက် အတော်ဆုံးလုပ်ရပ်လို့ပြောရင် အမှန်ဆုံးပါပဲ။
“စစ်တပ်ဟာ စစ်သာမတိုက်တတ်တာ ငွေရပေါက်ရလမ်းရှာတဲ့နေရာနဲ့ သူတို့လက်ခုပ်ထဲရောက်နေတဲ့ အကျဉ်းသားကို အရက်စက်ဆုံးနည်းလမ်းသုံးနှိပ်စက်ဖို့ကတော့ အတော်သား” လို့ ဒေါ်မြနှစ်က မှတ်ချက်ပြုပါတယ်။
နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်စဉ်အတွင်း ပြည်သူ ၅၉၆၉ ဦးဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ပြည်သူ ၂၇၆၈၉ ယောက်ကို အကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ ၂၁၁၃၄ ဦးဟာ စစ်ကောင်စီရဲ့ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၅၂၇ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
အတည်ပြုရန်လိုအပ်နေတဲ့ သေဆုံးသူဦးရေမှာလည်း ၂၆၀၀ ခန့်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီ့ထဲကမှ အကျဉ်းသား ၁၂၆ ဦးကို ထောင်တွင်းသေဒဏ်ချမှတ်ပြီး ၄၄ဦးကိုတော့ မျက်ကွယ် သေဒဏ်ချမှတ်ထားပါတယ်။ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ဖမ်းဆီးခံရတဲ့ ကလေးဦးရေ ၅၇၇ ယောက်ရှိနေခဲ့ပြီး ကလေးဦးရေ ၆၇၁ ဦးဟာ အာဏာသိမ်းဖြစ်စဉ်အတွင်း သေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းချိန်ကစပြီး အကျဉ်းထောင်အတွင်းနှင့် အကျဉ်းထောင်မှလွတ် မြောက်ပြီး ရက်ပိုင်းအကြာ ထောင်တွင်းဒဏ်ချက်များကြောင့် အသက်ဆုံးပါးခဲ့ရသူ ၁၀၇ဦး ရှိပြီဖြစ်တယ်လို့ AAPP ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့၊ သီတင်းကျွတ်လပြည်နေ့က ဘုတလင်မြို့နယ် စီပါရွာမှာ ရွာသား ၈ ယောက်ကို ရက်စက်စွာ သတ်ဖြတ်ပြခဲ့ပါတယ်။ အူတန်းလန်းနဲ့ ခေါင်းပြတ်တွေ၊ ခြေဆစ်၊ လက်ဆစ်၊ ဒူး၊ တံတောင်ကနေခုတ်ထစ်ထားတဲ့ အသားပိုင်းတွေ၊ အရိုးစုထီးထီးကျန်သည်အထိ အသားကိုခြစ်ထုတ်ယူထားတဲ့ အရိုးအလောင်းတွေ၊ အိုးထဲချက်လက်စ လူ့ကလီစာတွေဟာ စစ်တပ်ရဲ့ ရက်စက်ယုတ်ညံ့မှုကို ဖော်ပြနေတဲ့ အကြောင်း အရာတွေ အထောက်အထား မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။
“အမေ့သားခြေထောက်အရိုးက နှစ်ပိုင်း သွင်သွင်ကျိုးသွားတယ်။သွားတွေ မရှိတော့ဘူး။ နံရိုးလည်းကျိုးတယ်ပြောတယ်။ ကန်ချိုးထားကြတာ။ စစ်သားတွေမူးလာတိုင်းခေါ်ထုတ်ထုနှက်ထားတဲ့ ပြင်ပဒဏ်ရာတွေက လူရုပ်မပေါ်ဘူး။ အမေ့မှာ နေစရာအိမ်လည်းမရှိတော့ဘူး။ စစ်တပ်နဲ့ အကျဉ်းဦးစီးထဲကလူတွေ နည်းမျိုးစုံနဲ့တောင်းလို့ ကုန်ခဲ့ပြီ။ တရားရုံးတက်ဖို့ အမေဆက်ရှာရမယ်” လို့ ဆိုရင်း ဒေါ်မြနှစ်က အခုလို ဆက်ပြောပါတယ်။
“သားက သူ့တာဝန်သူကျေခဲ့သလို အမေကလည်း အမေ့တာဝန်ကျေရမှာပေါ့”
#အမေ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)