နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတည်ထားသည့် မာရဝိဇယဘုရား တည်တံ့ခိုင်မြဲမှုကို ထုတ်ကြွားခဲ့ပြီး မကြာမီ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ အောင်မြင်စေရန် အတွက် မဲဆွယ်စည်းရုံးရန် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို စေခိုင်းခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေသည့် စစ်ခေါင်းဆောင်သည် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်၌ လက်အောက်ခံ တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ် (၂၇) ဗိုလ်လောင်းသင်တန်းဆင်းပွဲ တွင် တက်ရောက်မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်က ၎င်းတည်ဆောက်ခဲ့သော မာရဝိဇယဘုရား တည်တံ့ခိုင်မြဲမှုကို ချီးမွမ်းပြောဆို ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် လေပြင်း၊ မြေငလျင်နှင့် သဘာဝဘေးဒဏ်များ ခံနိုင်မှုရှိစေရန် စနစ်တကျ တွက်ချက်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး စစ်ကိုင်းငလျင်ကြီး ဖြစ်ပွားချိန်၌ပင် ဘုရားသည် ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းက ကြွားဝါခဲ့သည်။
ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောက်လုပ်သွားကြရန် ၎င်း၏တပ်ဖွဲ့ဝင်များကို စစ်ခေါင်းဆောင်က ဆက်လက်ညွှန်ကြား ခဲ့သည်။
စစ်ခေါင်းဆောင်က ယင်းဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် တပ်ဖွဲ့ဝင်များ မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး စည်းရုံးသွားကြရန် ထည့်သွင်းညွှန်ကြား စေခိုင်းခဲ့သည်။
စစ်အုပ်စုသည် အာဏာသိမ်းပြီး ပြန်လည်ပြုလုပ်မည့် ၎င်းတို့၏ ရွေးကောက်ပွဲအတု အောင်မြင်ရေး အတွက် ဘုရားဖူးလုပ်ငန်းများ လုပ်ဆောင်နေပြီး လူစည်ကားစေရန် ပွဲလမ်းသဘင်များဖြင့် စည်းရုံး သိမ်းသွင်း လုပ်ဆောင် လျက်ရှိသည်။
ကမ္ဘာပေါ်ရှိ စကျင်ကျောက်သား ထိုင်တော်မူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဟု ဆိုထားသော စစ်ခေါင်းဆောင်၏ ဘုရားကို Non-CDM ဝန်ထမ်းများသည် မကြာခဏဆိုသလို လာရောက် ဖူးမျှော်နေရပြီး အထိမ်းအမှတ်နေ့နှင့် အခါကြီးရက်ကြီးနေ့များတွင် မဖြစ်မနေ သွားရောက်ဖူးမျှော်ရန် ညွှန်ကြားထားသည်။
ဓာတ်ပုံ- MOI