ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲတွင်ပါဝင်သူများကို ဖမ်းဆီးအပြစ်ပေးနိုင်မည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေကို ယမန်နေ့က CRPH က ပြဋ္ဌာန်းအတည်ပြုခဲ့သည်။
အဆိုပါဥပဒေတွင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါဝင်သူများဖြစ်သည့် ရွေးကောက်ပွဲအဆင့်ဆင့်တာဝန်ရှိသူများ၊ ကိုယ်စားလှယ်လာင်းအမည်စာရင်းတင်သွင်းသူများ နှင့် ရွေးကောက်ပွဲဖြစ် မြောက်ရေးအတွက် လုပ်အားငွေကြေးကူညီသူများကို ဥပဒေဖြင့်အရေးယူနိုင်ရန်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သက်သေအထောက်အထားနှင့် တကွအတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင်ကူညီများအကြောင်း ဆက်သွယ်လာပါက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများပူးပေါင်းပြီး ဖမ်းဆီးနိုင်ကြောင်းပြဋ္ဌာန်းထားသည်။
ယင်းအပြင် သတ်မှတ်ထားသည့်အဆင့် အလိုက်ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ် ခြောက်လမှ ၁၀ နှစ်အထိအဆင့်ဆင့် ချမှတ်နိုင်ခြင်း၊ ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ သိန်းငါးရာအောက်မနိမ့်စေသောငွေဒဏ်များပါဝင်ပြီး ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်းပါဝင်သည်။
ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားအားလုံးအပေါ် ဥပဒေသက်ရောက်မှုရှိပြီး လူသားချင်းစာနာထောက်မှုဆိုင်ရာထိတွေ့ဆက်ဆံသူများ နှင့် အရပ်ဘက်ဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်များသူများ ကင်းလွတ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါဥပဒေအသက်ဝင်ရေးအတွက် ဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌတာဝန်ယူပြီး CRPH ကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်တော်လှန်ရေး အင်အားစုကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အေးကျွန်းရွာနေ ကျားဖြူပါတီမှ အမတ်လောင်း ဦးဝေလင်းထက် သည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကော်မရှင်က စွပ်စွဲထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်