ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့က မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ ထိုင်းနိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုးစစ်ဆင်တိုက်ခိုက်မှုများကို မြန်မာစစ်တပ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်းလူမျိုးတစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် ကားများလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

 

ထိုင်းသတင်းမီဒီယာများက မြန်မာစစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်ကြီးများ အသုံး ပြုကာ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားသော်လည်း ထိုင်းစစ်တပ်ဘက်ကမူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည် ကို တိတိကျကျ ပြောဆိုထားခြင်းမရှိပေ။

 

ထိုင်းကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းဘက်သို့ လက်နက်ကြီးကျရောက်ခြင်းကို မြေပြင်ရှိ ထိုင်းတပ်ဖွဲ့များထံ သတိပေးထားပြီး ထပ်မံကျရောက်ပါက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြော ဆိုခဲ့သည်။

လက်နက်ကြီးကျရောက်မှုကြောင့် ထိုင်းစစ်တပ်အနေဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက် ကာ မြန်မာဘက်သို့ သတိပေးသည့် မီးခိုးဗုံးများ ပြန်လည်ပစ်ခတ်ခဲ့ပြီး မြန်မာစစ်တပ်အပြင် မြန်မာ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် မြဝတီမြို့အနီး မင်းလက်ပံဒေသတွင် ဖြစ်ပွားနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးများ မကြာခဏ ကျရောက် ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာ ၃ ရက်နေ့ ထိခိုက်မှုများတွင်လည်း မြန်မာလုပ်သား နှစ်ဦး ဒဏ်ရာရခဲ့ပြီး ထိုင်းဒေသခံနေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

 

ထိုင်းစစ်တပ်အနေဖြင့် မြန်မာဘက်ခြမ်းမှ လက်နက်ကြီးကျည်များကျရောက်သည့်အပေါ် ထူးခြားသည့် တုံ့ပြန်ခြင်းများ မရှိသေးသော်လည်း နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်း နင်းမိမှုဖြစ်စဉ်ကြောင့် ၎င်းတို့လက်မှတ်ထိုးထားသည့် အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။