နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

စစ်ရေးရှုံးနိမ့်လာသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအပြင် တရုတ်၊ ရုရှားနိုင်ငံတို့မှ အဓိကဝယ်ယူထာသော ဒရုန်းများဖြင့် တန်ပြန်ထိုးစစ်ဆင်ရန် တွင်တွင်ကျယ်ကျယ် ကြိုးပမ်း လုပ်ဆောင်လာကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။

စစ်ကောင်စီသည် ဒရုန်းအများအပြား ဝယ်ယူပိုင်ဆိုင်ထားသော်လည်း တော်လှန်ရေး အင်အားစုများ၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများကြောင့် အထိနာခဲ့ရသဖြင့် ထိုအရာကို ပြန်လည်အတုယူ၍ စစ်ဆင်ရေးများတွင် တန်ပြန်အသုံးပြု တိုက်ခိုက်လာကြောင်း သိရသည်။

“ဒရုန်းက အမြှောက်တို့၊ လက်နက်ကြီးတို့ထက်တောင် ပိုပြီးတိကျတယ်။ လေယာဉ်ထက်စာရင်လည်း ကုန်ကျစရိတ်နည်းတယ်။ အဲဒီတော့ ဒရုန်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် လုပ် လာတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဒရုန်းများကို အဓိကအားဖြင့် တရုတ်၊ ရုရှားနိုင်ငံတို့မှ ဝယ်ယူသလို ၎င်းတို့၏ အင်ဂျင်နီယာနှင့် နည်းပညာရှင်များကိုလည်း ဖိတ်ခေါ်၍ သင်တန်းများ ပေးလျက်ရှိကာ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ရခိုင် နှင့် ကရင် စသည့်ဒေသများ၌ ယခုနှစ်အတွင်း အထူးအသုံးပြု တိုက်ခိုက်လာကြောင်း သိရသည်။

“လက်ရှိ သူတို့သုံးတဲ့ ဗုံးသီးအများစုကတော့ ၁၂၀ မမ၊ ၈၀ မမတို့ ဒီလိုမျိုး အရွယ်အစားတွေ ချိတ်လို့ရမယ့် ပန်ကာ‌ခြောက်ခုနဲ့ ဒရုန်းတွေ အသုံးများလာတယ်။ အခုနောက်ပိုင်းဆိုရင် တော်တော်ကြီးတဲ့ ဗုံးသီးအမျိုးအစားတွေပါ ချိတ်ပြီးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အဓိကအားဖြင့် တရုတ်နိုင်ငံမှ CH-3A UAV ၊ CH-4 ၊ Wing Loong ၊ DJI Phantom 4 Pro, Mavic 2 Pro, Matrice 300 RTK စသည့် ဒရုန်းများကို ဝယ်ယူအသုံးပြုသလို ယခုနှစ်အတွင်း ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့မှလည်း အဆင့်မြင့်ဒရုန်းများနှင့် Drone Guard စနစ်များ ဝယ်ယူထားကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် ယခုနိုဝင်ဘာအတွင်းက တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ ခရီးစဉ်ပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက်ဟု အကြောင်းပြကာ ဘက်စုံသုံးဒရုန်းများ တရုတ်ထံမှ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း ပြည်တွင်း သတင်း ဖော်ပြချက်များအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ဝယ်ထားသော ဒရုန်းများကို လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ)များ၌ အစိတ်အပိုင်းများ ပြုပြင်ထုတ်လုပ်သလို ဒရုန်းစစ်ဆင်ရေး အဖွဲ့ များကိုလည်း စစ်ကောင်စီက ပိုမိုဖွဲ့စည်းလာကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်ကောင်စီက အသုံးပြုနေသည့် ဗုံးသီး ၈ လုံး သယ်ဆောင်နိုင်ပြီး ၇ နာရီအကြာအသုံးပြုနိုင်သည့် ဒရုန်း

#စစ်ကောင်စီ #စစ်ရေးရှုံးနိမ့်နေမှု #တရုတ်ရုရှား #ဒရုန်းများ #တန်ပြန်ထိုးစစ်ဆင် #Ayeyarwaddy_Times