ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဥက္ကဌအဖြစ် တာဝန်ယူထားသော တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဧရာဝတီတိုင်းအတွင်းရှိ မော်တော်ယာဉ်နှင့် ဆိုင်ကယ် ၁၁ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် နှင့် မအူပင်ခရိုင်တို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် ၁၁ စီးတို့ကိုဖမ်းဆီးပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီအာဘော် မြန်မာအလင်း သတင်းစာတွင် ဖော်ပြထားသည်။

” လိုင်စင်နဲ့ဘီး ( ဆိုင်ကယ်)ကို ဘယ်သူမှမစီးနိုင်ဘူး။ လက်လုပ် လက်စားသမားတွေ ဆိုင်ကယ်လေးနဲ့ ရွာတွေလှည့်ပတ်ပြီး အရောင်းအဝယ်ပြုနေရတာ။ မရှိလို့လုပ်စားနေရတာလိုင်စင်ဘီးဝယ်မစီးနိုင်ဘူး။ အရင်က အဖမ်းခံရရင်ဖြေရှင်းလို့ရတယ်။ အခုမရဘူး” ဟု မြောင်းမြမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်မောင်းသည်ဟု အကြောင်းပြဖမ်းစီး၍ စစ်မှု ထမ်းစေရန်‌ခြိမ်းခြောက်ခေါ် ဆောင်မှုများရှိကြောင်း ဧရာ၀တီတိုင်းမ် အတွင်း နေထိုင်သည့် ဒေသခံများထံက သိရသည်။

” ဒီမှာတော့ လိုင်စင်မဲ့ဘီး‌တွေအသုံးများတာပဲ။ အဖမ်းမခံရအောင် သူတို့စစ်နေရာရှောင်မောင်းရတယ်။ ဆိုင်ကယ်သုံးအများစုသုံးရတော့အိမ်တိုင်းမှာ နှစ်စီး၊ သုံးစီးတယ်။ အဝေးသွားရင်တော့ လိုင်စင် ဘီးနဲ့သွားတယ်။ မြို့ထဲဆိုလိုင်စင်မဲ့ပဲသုံးတာများကြတယ်” ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်‌ဦးက ပြောကြားသည်။

အဆိုပါ ပို့ကုန်၊ကုန်သွင်းကုန်ဥပဒေတွင် ကန့်သတ်ထားသော၊ တင်သွင်းခွင့်ပိတ်ထားသော၊ ခွင့်ပြု ချက်ဖြင့်တင်သွင်းတင်ပို့ရမည့်ပစ္စည်းများကိုဖောက်ဖျက်ပါက ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမည်ဟုပြဌာန်းထားသည်။

ယခင်က လိုင်စင်မဲ့ယာဉ်များကိုဖမ်းဆီးခံရခြင်းအတွက် ဒဏ်ငွေသာပေးဆောင်စေသော်လည်း ယခုအခါတွင် ထောင်ကျနိုင်သည့်ပုဒ်မတပ်ခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများကိုပါ စစ်ကောင်စီက ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- လူမှူကွန်ရက်
#ဧရာဝတီတိုင်း #ဆိုင်ကယ်ဖမ်းခံရ #တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး #Ayeyarwaddy_Times